ရဲမွန်တပ်မြို့ ဆက်တင်းမာဆဲ

  • 9 ဩဂုတ် 2010
burmese soldiers
Image caption အစိုးရတပ်တွေမှာ စုငွေပြန်မထုတ်နိုင်လို့ မကြေမနပ် ဖြစ်နေကြ

ရဲဘော်တွေရဲ့ ဘဏ်စုငွေတွေ ထုတ်မပေးတဲ့ အတွက် အမိန့် ဖီဆန်နေတဲ့ ရဲမွန်တပ်မြို့က တပ်ရင်းတွေနဲ့ နေပြည်တော် ကိုယ်စားလှယ်တွေ မကြာမီက ညှိနှိုင်း ခဲ့ပါတယ်။

နှစ်ကြိမ်ထက်မနည်း တွေ့ဆုံခဲ့ပေမဲ့ အဖြေမရခဲ့ဘူးလို့ ရဲမွန်တပ်ဖွဲ့မှ တပ်ကြပ်တဦးက ဘီဘီစီကိုပြောပါတယ်။

ရဲဘော်တွေ မကြေမနပ်နဲ့ အခုလိုဖြစ်နေကြရင် ပြည်ပနဲ့ အတိုက်အခံအင်အားစုတွေက ဒီအခြေအနေကို အသုံးချသွား နိုင်တဲ့အတွက် ဆိုးကြိုးတွေ ဖြစ်လာနိုင်တယ်၊ လာမဲ့၂၀၁၀ ရွေးကောက်ပွဲ ပြီးမှ ဖြေရှင်း ပေးနိုင်မယ်လို့ နေပြည်တော်က အဖွဲ့တွေက ပြောလို့ ပြဿနာ မပြေ လည်ဘူးလို့ သိရပါတယ်။

အဲဒီဆွေးနွေးချက်တွေကို လက်မခံတဲ့ အတွက် ဝိုင်းထားတဲ့ လုံခြုံရေး တွေလည်းတင်းကြပ် ထားဆဲဖြစ်ပါတယ်။

သူတို့စုထားတဲ့ ငွေတွေမရမချင်း ညှိနှိုင်း လာသမျှ လက်မခံဘူးလို့ တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ အလားတူဘဲ တပ်အများစု မှာလည်း ဘဏ်စုငွေ ကိစ္စပြဿနာ ဖြစ်နေတဲ့ အတွက် တပ်အားလုံး ပြန်စည်းလုံး နိုင်အောင် စစ်ဆင်ရေးတွေ ဖေါ်ထုတ်ပြီး စုစည်းမယ်လို့ နေပြည်တော်က စီစဉ်နေကြောင်း ရဲမွန်တပ်တွင်း ကသတင်းရရှိပါတယ်။