ကုလကိုယ်စားလှယ် ကင်တားနား အင်ဒိုရောက်

  • 10 ဩဂုတ် 2010

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနားဟာ အင်ဒိုနီးရှားမှာ ရောက်နေတဲ့အခိုက် မြန်မာ့အရေးစိတ်ဝင်စားတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ တွေ့ဆုံခဲ့ပြီး မြန်မာအကြောင်း ဆွေးနွေးပွဲတစ်ခုကိုလည်း တက်ခဲ့ပါတယ်။

Image caption ကင်တားနားဟာ မြန်မာပြည်ကို ဖေဖော်ဝါရီလက နောက်ဆုံးရောက်ခဲ့ပါတယ်

အင်ဒိုနီးရှားဟာ ဒီမိုကရေစီစနစ်ဆီ အသွင်ကူးပြောင်းခဲ့တဲ့ ဥပမာကောင်းအဖြစ် မြင်တယ်။ မြန်မာနိုင်ငံဟာ အင်ဒိုနီးရှားနိုင်ငံကနေ နမူနာယူနိုင်မလားလို့ သူ့အနေနဲ့ စဉ်းစားမိတယ်လို့ မစ္စတာကင်တားနားက ပြောပြောင်း အဲဒီဆွေးနွေးပွဲကို စီစဉ်တဲ့ အာရှဒေသဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအဖွဲ့၊ ဖိုရမ်အေးရှားက အာစီယံအရေးဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ အဖွဲ့ခွဲ မန်နေဂျာ အန်တီကီ နိုဖါဆီနို က ဘီဘီစီကို ပြောပါတယ်။

မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂမှာတင်သွင်းမယ့် အစီရင်ခံစာ အတွက် အချက်အလက်စုဆောင်းဖို့ အာရှဒေသကိုရောက်နေတာ ဖြစ်ပါတယ်။

သူဟာ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံအစိုးရများကော်မရှင်က အင်ဒိုနီးရှားကိုယ်စားလှယ် မစ္စတာ ရာဖန်ဒီ ဂျာမင်နဲ့လည်း ဒီကနေ့ တွေ့ဆုံပြီး မြန်မာနိုင်ငံအကြောင်း ဆွေးနွေးခဲ့ပါတယ်။

မနက်ဖြန်မှာတော့ သူဟာ ဂျာကာတာမြို့ကနေ ပြန်မထွက်ခွာခင် အင်ဒိုနီးရှား နိုင်ငံခြားရေးဌာန အရာရှိတချို့နဲ့ တွေ့ဆုံလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

မစ္စတာ ကင်တားနားရဲ့ ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို လေ့လာဖို့ ထွက်လာတဲ့ခရီးစဉ်ဖြစ်ပေမယ့် မြန်မာအစိုးရက သူတို့ဟာ ရွေးကောက်ပွဲအတွက် အလုပ်များနေတာမို့ မစ္စတာ ကင်တားနား မြန်မာပြည်လာဖို့ အဆင်မပြေသေးဘူးလို့ အကြောင်းပြခဲ့လို့ သူဟာ မြန်မာနိုင်ငံကိုတော့ သွားရောက်နိုင်မှာ မဟုတ်ဘူးလို့ ယူဆရပါတယ်။