မြန်မာအပေါ် ကုလသမဂ္ဂ စိတ်ပျက်

  • 11 ဩဂုတ် 2010
UN Chief and Burma advisor
Image caption မစ္စတာ နမ်ဘီယာနဲ့ အတွင်းရေးမှုးချုပ် (Photo:UN)

မြန်မာနိုင်ငံမှာ စစ်အစိုးရက ဒီနှစ်ထဲမှာ ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ ကြေငြာထား ပေမယ့် အဲဒီ ရွေးကောက်ပွဲတွေမှာ အားလုံး ပါဝင်ခွင့် ရအောင်၊ လွတ်လပ်ပြီး တရားမျှတအောင် လုပ်ရမယ့် လုပ်ငန်းစဉ်တွေ ကိုတော့ ကုလသမဂ္ဂနဲ့ ဆွေးနွေးဖို့ ပျက်ကွက် နေတယ်လို့ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ပြောလိုက် ပါတယ်။

ကုလသမဂ္ဂဖက်က ကျိုးပမ်းမှုတွေကိုလည်း လစ်လျူရှုထားပြီး ဘယ်လိုမှ မတုန့်ပြန်တဲ့ အတွက် စိတ်ပျက်ရတယ်လို့လည်း ဆိုပါတယ်။

အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးအဖြစ်ဆောင်ရွက်နေတဲ့ လက်ထောက်အတွင်းရေးမှုးချုပ် မစ္စတာ ဗီဂျေး နမ်ဘီယာကတော့ မြန်မာ စစ်ဗိုလ်ချုပ် တွေဟာ သူတို့စီစဉ်ထားတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လာရင် အထိမခံ ဖြစ်နေတယ်၊ ကုလသမဂ္ဂပဲ ဖြစ်ဖြစ် ပြည်ပက အဖွဲ့တွေကြောင့် တနည်းနည်းနဲ့ ထိခိုက်မှာကို အစိုးရိမ်ကြီး နေပုံရတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲတွေဟာ နိုင်ငံတကာက လက်ခံနိုင်တဲ့ အခြေအနေမျိုး ရှိမရှိကို ကုလသမဂ္ဂနဲ့ ပူးပေါင်း ဆောင်ရွက်မှ ပြသနိုင်မှာ ဖြစ်တယ်လို့လဲ မစ္စတာ နမ်ဘီယာက ပြောပါတယ်။

အတွင်းရေးမှုးချုပ်နဲ့ ကုလသမဂ္ဂ အနေနဲ့တော့ အဖွဲ့ဝင်နိုင်ငံ တစ်ခုကို ဖိအားပေးပြီး လုပ်ခိုင်းလို့မရ ကြောင်း၊ ဆွဲဆောင် စည်းရုံးရေး နည်းတွေပဲ သုံးသွားရမှာ ဖြစ်ကြောင်း လည်း သူကပြောပါတယ်။

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်လာအောင် ပြုလုပ်ရေးမှာ မြန်မာနဲ့ အိမ်နီးချင်း နိုင်ငံတွေက စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ပြီး သံတမန်ရေး နည်းတွေပဲ သုံးသွားဖို့ လိုလားတယ် လို့လည်း ဆိုပါတယ်။ အနောက်နိုင်ငံ တွေကတော့ ဖိအားတွေ ပိုပေးချင်ကြပါတယ်။ ကုလသမဂ္ဂ ကတော့ မြန်မာကို သံတမန်ရေးအရ စကားပြောဆို နေတုန်းမှာ တစ်ဖက်ကလဲ အဖွဲ့၀င်နိုင်ငံတွေက ဖိအားတွေ တိုးပေးသွားကြဖို့ တိုက်တွန်းနေပါတယ် လို့လည်း လက်ထောက် အတွင်းရေးမှုးချုပ် ဗီဂျေးနမ်ဘီယာက ပြောသွားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် အီဘရာဟင် ဂမ်ဘာရီ တာဝန်ပြီးဆုံးသွားပြီးတဲ့ နောက် မစ္စတာနမ်ဘီယာက အဲဒီနေရာမှာ လောလောဆယ် တာဝန်ယူပေးနေတာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံသား သံတမန်တစ်ဦး ဖြစ်တဲ့ အတွက် မြန်မာစစ်အစိုးရနဲ့ နားလည်မှုတွေ ရနိုင်မယ်လို့ မျှော်လင့်ချက် တချို့ရှိခဲ့ပေမယ့် သူကိုယ်တိုင်လည်း မြန်မာနိုင်ငံ လာရောက်ခွင့် တောင်းထား တာကို စစ်အစိုးရက အခုထိ ခွင့်မပြုသေးပဲ ရှိနေပါတယ်။