နိုင်ငံရေး ပါတီဝင်တွေ နှောင့်ယှက်ခံရ

  • 11 ဩဂုတ် 2010

အခုလ သြဂုတ်လ ၇ ရက် နေ့ လောက်က စပြီး ပုသိမ်နဲ့ ရန်ကုန်တိုင်း အတွင်းမှာ ရှိတဲ့ ဒီမိုကရက်တစ် ပါတီ (မြန်မာ) ရဲ့မြို့နယ်ရုံးတွေနဲ့ ပါတီဝင် တွေရဲ့ နေအိမ် တွေကို ရဲ အထူး သတင်းတပ်ဖွဲ့ SB အရာရှိတွေ လာရောက် စုံစမ်း မှတ်တမ်း ယူခဲ့ကြ ပါတယ်။

Image caption သူ့ပါတီဝင်တွေ နှောင့်ယှက်ခံရတာ ဥက္ကဌ မကျေနပ်

ရွေးကောက်ပွဲ ကော်မရှင်ကို ပါတီဝင် အင်အား စာရင်း တင်ပြ ခဲ့ပြီးတဲ့နောက်မှာ အခုလို ဖြစ်လာတာမို့ ဒီစာရင်းတွေကိုရွေးကောက်ပွဲ ကော်မရှင်က SBကို ပေးလိုက်တာ ဖြစ်မယ်လို့ ဒီမိုကရက်တစ် ပါတီ ဥက္ကဌ ဦးသုဝေက ပြောပါတယ်။

SB ရဲ့ဒီလို ဆောင်ရွက်ချက် တွေဟာ ပါတီဝင် တွေကို ခြိမ်းခြောက်ရာ ရောက်တာမို့၊ ဒါတွေကို ရပ်ဆိုင်းဖို့ ရွေးကောက်ပွဲကော်မရှင်ကို သြဂုတ်လ ၉ ရက်နေ့ တုန်းက ကန့်ကွက် တိုင်ကြား ထားတယ်လို့ ဦးသုဝေ ကပြောပါတယ်။ ရွေးကောက်ပွဲ ဝင်မယ့် ပါတီ တစ်ခု အပေါ်မှာ အာဏာပိုင် တွေက အခုလို ဆက်ဆံ နေပေ မဲ့ အစိုးရ ဝန်ကြီးတွေ ဦးဆောင်တဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ကတော့ ငွေချေး၊ ပစ္စည်းပေး၊ လမ်းဖောက် တာတွေ လုပ်ပေးပြီး လူတွေကို စည်းရုံးခွင့် ရနေတာ တွေ့ရပါတယ်။

တောင်တွင်းကြီးမြို့နယ် ထဲက တချို့ နေရာတွေမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက လိုအပ်တာတွေ လုပ်ပေးမယ်၊ ငွေချေးမယ် စသဖြင့် ဆွဲဆောင် ပြီး သူတို့ပါတီထဲ ဝင်ခိုင်းနေတဲ့ အခြေ အနေ တွေကို ဒေသခံ တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။

ဒီမိုကရက်တစ် ပါတီ ဥက္ကဌ ဦးသုဝေ ကတော့ ကြံ့ခိုင် ဖွံ့ဖြိုးရေး အဖွဲ့ထဲမှာ တောင် သူတို့ရဲ့ ဆောင်ရွက်ချက်တွေ မတရားဘူးလို့ မြင်ကြသူတွေ အများအပြား ရှိနေတာကို သူကိုယ်တိုင် တွေ့မြင်ခဲ့ရတာမို့ စည်းရုံးတိုင်းလည်း အောင်မြင်မှာမဟုတ်ဘူးလို့ သုံးသပ်ပါတယ်။