တပ်သားတွေ ထွက်ပြေးနေ

  • 12 ဩဂုတ် 2010

ကရင်ပြည်နယ် မြိုင်ကလေး အခြေစိုက် တပ်မ (၂၂) လက်အောက်ခံ ခမရ ခြေမြန်တပ်ရင်း (၂၀၃)၊ (၂၀၄) နဲ့ (၂၀၅) တို့မှာ စားဝတ်နေရေး အခက်အခဲ ကြောင့် ရဲဘော် အများစု ထွက်ပြေး နေကြတယ်လို့ ထွက်ပြေးလာကြသူ တပ်သား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။

Image caption တပ်ရင်း တွေမှာ စစ်သားတွေ ကြပ်တည်းမှု ပိုကြား လာရ

တပ်ရင်း တစ်ခုကို လူအင်အား (၂၅၀) ကျော် ရှိတဲ့ အဲဒီ တပ်ရင်းတွေမှာ တပ်ပြေးတွေ များလွန်းလာတဲ့ အတွက် အခုဆိုရင် တပ်ရင်း တစ်ရင်းမှာ အများဆုံး တပ်သား (၈၀) လောက်ပဲ ကျန်တော့တယ်လို့ တပ်ပြေး တွေက ပြောပါတယ်။

ရဲဘော်တွေကတော့ စားဝတ် နေရေး ခက်ခဲလို့ သူတို့ စုထားတဲ့ ဘဏ်စုငွေ တွေကို ပြန်လည် တောင်းဆိုတာတွေ ရှိပါတယ်။ အဲဒါကို တပ်ရင်းမှူး တွေကတပ်တွင်း အမိန့် အနာခံဘူး ဆိုပြီး အထက်ကို တိုင်ကြားကြပြီး ရှေ့တန်း စစ်ဆင်ရေး တွေထွက်ဖို့ အမိန့်ပေး ပေမဲ့ အမိန့်မနာခံ ကြတော့ဘူးလို့ ခမရ (၂၀၃) ကနေ ထွက်ပြေးလာတဲ့ တပ်သား တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ဒီကိစ္စကို အရှေ့တောင်တိုင်း တိုင်းမှူး ကိုယ်တိုင် လာပြီး ဖြေရှင်းပေမဲ့ ရဲဘော်တွေ လိုချင်တဲ့ ဘဏ်စုငွေ တွေကို ထုတ်မပေးနိုင်လို့ အယုံအကြည်မရှိကြဘူး မတတ်သာတဲ့ အဆုံး ထွက်ပြေး ကြတော့ တပ်ပြေးတွေ ဖြစ်ကုန်တယ်လို့ အဲဒီ တပ်သားကပဲ ဆက်ပြောပါတယ်။

တခြား တပ်ရင်းတွေမှာလည်း အလားတူ အခက်အခဲတွေရှိနေ

တပ်မ ၂၂ လက်အောက်ခံ တပ်ရင်းတွေမှာ တပ်သားတွေ စားဝတ် နေရေး အခက်အခဲ ကြုံနေရသလို တခြား တပ်ရင်းတွေမှာလည်း တပ်သားတွေ ဆင်းရဲ ဒုက္ခ ရင်ဆိုင် နေရတာ တွေ ရှိတယ်လို့ FTUB မြန်မာ နိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်က ပြောပါတယ်။ ဒါကြောင့် အဲဒီ ပြဿနာ တွေကို ဖြေရှင်းပေးဖို့ တိုက်တွန်းချက် တစ်စောင် ထုတ်ပြန် တောင်းဆိုလိုက် ပါတယ်။

ကလောမြို့က စစ်ဦးစီး တက္ကသိုလ်၊ ထောက်လှမ်းရေး တပ် တွေနဲ့ တပ်မတော် တပ်ရင်း အတော် များများမှာ အမိန့် မနာခံတာတွေ ရှိနေပြီး တပ်သားတွေက သူတို့ ရဲ့ လိုအပ်ချက် တွေကို တောင်းဆိုတာတွေ ရှိနေတယ်လို့ အတိအကျ သိရတဲ့ အကြောင်း FTUB အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်က ဘီဘီစီကို ပြောပါတယ်။

မြန်မာ အစိုးရကတော့ ဒီလို သတင်းတွေ နဲ့ ပတ်သက်လို့ မဟုတ် မမှန်တဲ့ အကြောင်း ငြင်းဆိုလေ့ ရှိပါတယ်။ ဒါပေမဲ့ ဦးမောင်မောင်ကတော့ သူတို့ သိရတဲ့ အချက် အလက်တွေဟာ ခိုင်မာတဲ့ အကြောင်းနဲ့ တပ်သားတွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို အမှန် အတိုင်း မပြောဘူး ဆိုရင် တစ်နေ့မှာ ပေါက်ကွဲမှုတွေ ဖြစ်လာနိုင်တဲ့ အတွက် အခုလို သတိပေး တိုက်တွန်းရတာ ဖြစ်တယ်လို့ ပြောပါတယ်။