ကြံ့ဖွံ့နိုင်ဖို့ အကွက်ဆင်ထားတာ လို့ဆို

  • 13 ဩဂုတ် 2010

စစ်အစိုးရ ကျင်းပပေးမဲ့ ရွေးကောက်ပွဲဟာ ကြံ့ဖွံ့နဲ့ အစွယ်အပွားတွေနိုင်ဖို့ အကွက်ချဆင်ထားတာလို့ မြန်မာနိုင်ငံရှေ့နေများကောင်စီ အတွင်းရေးမှူး ဦးအောင်ထူးက ပြောလိုက်ပါတယ်။

Image caption ဒီရွေးကောက်ပွဲဟာ ဆင်ကွက်ကြီးဖြစ်တယ်လို့ ဝေဖန်ပြောဆိုလိုက်တဲ့ ရှေ့နေ ဦးအောင်ထူး

မဲဆန္ဒနယ်မြေ သတ်မှတ်တာရော၊ မဲပေးပိုင်ခွင့် ရှိသူ စာရင်းထုတ်ပြန်တာရော၊ ရွေးချယ် တင်မြှောက်ပုံစနစ်ကြောင့်ရော ဒီသုံးမျိုး စလုံးနဲ့ တိုင်းတာရင် ကြံ့ဖွံ့ရယ်၊ သူ့အစွယ်အပွားဖြစ်တဲ့ တစညနဲ့ ပါတီသေးလေးတွေရယ် အနိုင်ရဖို့ ဆင်ထားတဲ့အကွက်လို့ သူက ပြောပါတယ်။

ရွေးကောက်ပွဲကို ဘယ်လိုပုံစံနဲ့ ကျင်းပမယ်ဆို တာကို ပြည်သူတွေ နားလည်အောင် ရှင်းပြတာ မျိုးလည်း မရှိဘူး၊ ဖွဲ့စည်းပုံအခြေခံဥပဒေထဲ မှာလည်း မပါဘူးလို့ သူက ထောက်ပြ ပါတယ်။

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူကို သန်းခေါင်စာရင်းပေါ်မှာ အခြေခံပြီး အတိအကျ ထုတ်ပြန်ရမှာ ဖြစ်ပေမယ့် အခုတော့ ကချင်ပြည်နယ်မှာ မဲဆန္ဒနယ် ၁၈ ခု ရှိနေပြီး၊ သူ့ထက် လူဦးရေ နှစ်ဆများတဲ့ ကရင်ပြည်နယ်မှာတော့ မဲဆန္ဒနယ် ၉ ခုပဲ ရှိနေတယ်လို့ ဦးအောင်ထူး က ပြောပါတယ်။

အခု ကျင်းပမဲ့ ရွေးကောက်ပွဲပုံစံကလည်း ဒီမိုကရေစီ မကျဘူးလို့ ဦးအောင်ထူး က ဝေဖန် လိုက်ပါတယ်။

ရွေးကောက်ပွဲတွေ ကျင်းပတာမှာ အချိုးကျ ကိုယ်စားပြုစနစ်နဲ့ မဲအများစုရသူ နိုင်စတမ်း ဆိုပြီး စနစ် နှစ်မျိုးရှိတယ်၊ မဲအများစု အနိုင်မှာလည်း ဧရာမအများစုအနိုင် နဲ့ သာမန် အများစုအနိုင် ဆိုပြီး ရှိတယ်။

ဧရာမအများစုအနိုင်က မဲဆန္ဒပေးပိုင်ခွင့်ရှိသူ စုစုပေါင်းရဲ့ ၅၀+၁ ဖြစ်ပြီး၊ သာမန်အများစု အနိုင်က ပါဝင်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်များရင် များသလောက် မဲအများဆုံး ရတဲ့သူ အနိုင် ဖြစ်တာမို့ မဲဆန္ဒပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်မကျော်လည်း ရွေးကောက်ပွဲ နိုင်သွား မှာဖြစ်လို့ ဒီမိုကရေစီ မကျဘူး၊ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲပုံစံက သာမန်မဲ များသူနိုင်စတမ်းပုံစံနဲ့ ကျင်းပဖို့ အခြေအနေတွေ ရှိနေတယ်လို့ ဦးအောင်ထူး က ပြောပါ တယ်။