ကော်မရှင်က ဘယ်လောက်လွတ်လပ်သလဲ

  • 13 ဩဂုတ် 2010

လာမယ့်ရွေးကောက်ပွဲတွေကို ဦးစီး ကျင်းပပေးရမယ့် ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ဘယ်လောက်အထိ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့် ဆုံးဖြတ်ပိုင်ခွင့် ရှိမလဲ ဆိုတဲ့ကိစ္စဟာ မေးခွန်းထုတ်စရာတွေ ဖြစ်နေတယ်လို့ နိုင်ငံရေးပါတီတွေက ပြောဆိုမှုတွေ ရှိနေပါတယ်။

Image caption ကော်မရှင် ဥက္ကဌ ဦးသိန်းစိုးဟာ စစ်ဥပဒေချုပ် လုပ်ခဲ့သူ ဗိုလ်ချုပ်ဟောင်း တစ်ယောက်။

အစိုးရကတော့ ရွေးကောက်ပွဲ ကော်မရှင်ဟာ ရွေးကောက်ပွဲနဲ့ ဆိုင်တဲ့ ကိစ္စအားလုံးကို လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်လို့ ဆိုထားပါတယ်။ လက်တွေ့မှာ ရွေးကောက်ပွဲ ကော်မရှင်ဟာ လွတ်လပ်တဲ့ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူးလို့ မြင်တဲ့ သူတွေကလည်း မြင်ပါတယ်။

နိုင်ငံတော်ပုန်ကန်မှုနဲ့ အရေးယူ ပစ်ဒဏ်ခံရဖူးသူဟာ ရွေးကောက်ပွဲ ဝင်ခွင့်မရဘူး ဆိုတာ ဥပဒေက ပြဌာန်းထားပါရက်နဲ့ ဒီလို ငြိစွန်း ပါတယ် ဆိုတဲ့ ပုဂ္ဂိုလ်တွေကို အသနားခံစာ တင်ရင် သူတို့က အထက်ကို ဆက်လက်ပြီး တင်ပြပေးပါမယ်လို့ ကော်မရှင်က ပြောခဲ့တာဟာ ဥပဒေကို ပြင်ရမလို ဖြစ်နေတယ်လို့ ရန်ကုန်မြို့က ဥပဒေပညာရှင် ဦးအောင်သိန်းက ဘီဘီစီကို ပြောပါတယ်။

NDF အမျိုးသား ဒီမိုကရေစီ အင်အားစုက ဦးခင်မောင်ဆွေ အပါအဝင် ခေါင်းဆောင် ၄ ဦးကို ဥပဒေ ငြိစွန်းလို့ ရွေးကောက်ပွဲ မဝင်ရဘူး ဆိုတဲ့ ကိစ္စအပေါ် အသနားခံစာ တင်ခဲ့တဲ့ ကိစ္စကို ဦးအောင်သိန်းက ရည်ညွှန်း ပြောဆိုခဲ့တာပါ။

KSPP ကချင်ပြည်နယ် တိုးတက်ရေး ပါတီကို KIO လက်နက်ကိုင်အဖွဲ့နဲ့ ဆက်နွယ်မှု ရှိတယ်ဆိုပြီး အခုထက်ထိ ပါတီ မှတ်ပုံတင်ခွင့် ချမပေးတဲ့ ကိစ္စ အပေါ်မှာလည်း ဥပဒေပညာရှင် ဦးအောင်သိန်းက ရွေးကောက်ပွဲကော်မရှင်ရဲ့အပေါ်မှာ အစိုးရရှိနေလို့ ကော်မရှင်က အစိုးရရဲ့သဘောထား အပေါ်မှာ လိုက်ပါ ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

တကယ်တော့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့လုပ်ပိုင်ခွင့်ဟာ အကန့်အသတ် ရှိနေတယ်ဆိုတာ ငြင်းလို့မရကြောင်း ဥပဒေပညာရှင် ဦးအောင်သိန်းက ဘီဘီစီကို ပြောပြခဲ့ပါတယ်။

နိုင်ငံရေးပါတီတစ်ခုက လူထုတွေ့ဆုံပွဲတစ်ခု လုပ်ဖို့တင်ပြတာကို ကော်မရှင်က ခွင့်ပြုခဲ့ပြီးမှ အာဏာပိုင်တွေက တားမြစ်ခဲ့တဲ့ သာဓကတွေလည်းရှိတာမို့ နိုင်ငံရေးပါတီတွေကတော့ ကော်မရှင်ဟာ အစိုးရရဲ့ သြဇာလွှမ်းမိုးမှုအောက်မှာ ရှိနေတယ်ဆိုတာ သိသာပါတယ်လို့ ပြောကြပါတယ်။