ရွေးကောက်ပွဲတွေ နိုဝင်ဘာ ၇ ရက် ကျင်းပမည်

  • 13 ဩဂုတ် 2010

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ တွေကို လာမယ့် နိုဝင်ဘာလ ၇ ရက် တနင်္ဂနွေနေ့မှာ ကျင်းပမယ်လို့ သောကြာနေ့မှာ ရွေးကောက်ပွဲ ကော်မရှင်က ကြေငြာလိုက်ပါတယ်။

Image caption မဲဆန္ဒ နယ်မြေ ကြေငြာပြီး နောက် တစ်နေ့မှာ ရွေးကောက် ပွဲရက် ထုတ်ပြန်

နိုင်ငံရေး ပါတီတွေ အနေနဲ့ သြဂုတ်လ (၁၆) ရက် ကနေ ဒီလကုန် နောက်ဆုံး ထားပြီး မဲဆန္ဒနယ်တွေ အလိုက် ရွေးချယ်ခံကြမယ့် ကိုယ်စား လှယ်လောင်း အမည် စာရင်းတွေ တင်သွင်း ရမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

ဒီရွေးကောက်ပွဲတွေကို ၁၉၉၀ ပြည့် ရွေးကောက် ပွဲ တုန်းက အပြတ် အနိုင်ရခဲ့တဲ့ အဓိက ပါတီကြီးဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဝင်မပြိုင်ဘူးလို့ ကြေငြာ ထား ပါ တယ်။

အစိုးရ ဝန်ကြီးတွေကတော့ မူလက လူမှုရေး အသင်းကြီးပါဆိုပြီး ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေး အသင်းကို အသွင်ပြောင်းထားတဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီကနေ ရွေးကောက်ပွဲ ဝင်ကြမှာ ဖြစ်ပါတယ်။

ပါတီပေါင်း လေးဆယ် လောက်ကတော့ ရွေးကောက်ပွဲ ဝင်ဖို့ ပါတီ ဖွဲ့စည်းခွင့် ရထားကြပါတယ်။ တချို့ ပါတီတွေက တော့ ခွင့်ပြုချက် မရသေးပါဘူး။

ရွေးကောက်ပွဲ ကော်မရှင်ဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို တဖက်သတ် မျက်နှာသာပေးနေတဲ့ အခွင့်အရေးပေးနေတဲ့ အထောက်အထား တွေလည်းတွေ့ရတယ်လို့ နိုင်ငံရေး ပါတီတွေက ပြောကြ ပါတယ်။

ရွေးကောက်ပွဲ ဝင်မယ်ဆိုပြီး ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ဒီမိုကရေစီပါတီရဲ့ ဥက္ကဌ ဦးဖြိုးမင်းသိန်း ကတော့ မမျှတတဲ့ အခြေအနေတွေ ကို ကန့်ကွက်ပြီး ရွေးကောက်ပွဲ မဝင်တော့ဘူးလို့ မကြာခင်က ဆုံးဖြတ်လိုက်ပါတယ်။ ပါတီဥက္ကဌ အဖြစ်ကလည်း နှုတ်ထွက်လိုက်ပါတယ်။