ရွေးကောက်ပွဲရက်နဲ့ နိုင်ငံရေးပါတီတွေရဲ့ အခက်အခဲ

  • 13 ဩဂုတ် 2010

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့ကို ရွေးကောက်ပွဲ ကျင်းပမယ့်ရက် အဖြစ် အတိအကျ ကြေညာ လိုက်တဲ့အခါ ရွေးကောက်ပွဲ ဝင်မယ့် နိုင်ငံရေး ပါတီတွေ ဆီက သဘောထား တုန့်ပြန်မှုတွေ ရှိလာပါတယ်။

Image caption ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးသုဝေ

ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို သိရလို့ ကြိုဆိုကြောင်း၊ ဒါပေမယ့်လည်း ရွေးကောက်ပွဲ ဝင်မယ့်ကိုယ်စားလှယ် တွေဟာ အခုလ ၁၅ ရက် နေ့ကစပြီး လကုန်တဲ့အထိ အတောအတွင်းမှာ စာရင်းတင်ကြလို့ ဆိုတော့ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေး ပါတီတွေဟာ အခုမှလည်း ဖွဲ့ရတယ် တချို့ပါတီတွေဆိုရင် ရွေးကောက်ပွဲ ကော်မရှင်က လိုအပ်တယ် ဆိုတဲ့ ပါတီဝင် ၁၀၀၀ ကို အခုမှ စုတုန်း ရှိသေးကြောင်း၊ ဒါကြောင့်မို့ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေ ပြင်ဆင်တာ သိတ်မရှိနိုင်သေးကြောင်း ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဌ ဦးသုဝေက ဘီဘီစီကို ပြောပါတယ်။

ဒီမိုကရက်တစ် ပါတီအနေနဲ့ ကိုယ့်ငွေနဲ့ကိုယ် ရွေးကောက်ပွဲဝင်မယ့်ကိုယ်စားလှယ်လောင်း ၁၀၀ လောက်ရှိပေမယ့် ကျန်တဲ့ ကိုယ်စားလှယ် လောင်းတွေ အဖို့တော့ ဒီ ၁၅ ရက်အတွင်း ကိုယ်စားလှယ်လောင်း ရံပုံငွေမရှိလို့ အချိန်မီ ရှာနိုင်ဖို့ရာ အခက်အခဲ ရှိကြောင်းကိုလည်း ဦးသုဝေက ပြောပါတယ်။

မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးနေမျိုးဝေ ကတော့ လွှတ်တော်ကိုယ်စားလှယ်တွေ အတွက် တစ်ဦးကို ၅ သိန်း တင်ရမယ်ဆိုတဲ့ ပြဿနာ အကြီးကြီးတွေ့ရကြောင်း၊ ဒီငွေရဖို့ အလှူခံတဲ့အလုပ်ကို အကြီးအကျယ် လုပ်ရတော့မှာ ဖြစ်ကြောင်း၊ ဒီကြားထဲ လူ ၁၀၀၀ စာရင်း အလုပ်ကိုလည်း တပြိုင်နက် လုပ်နေကြရမှာဖြစ်ကြောင်း သူတို့ပါတီရဲ့အခက်အခဲကို ပြောပါတယ်။

UDP ပြည်ထောင်စု ဒီမိုကရေစီပါတီရဲ့ ဒုတိယဥက္ကဌ ဦးဌေးကလည်း အသစ်ဖွဲ့တဲ့ ပါတီတိုင်းမှာ ရံပုံငွေအခက်အခဲတွေရှိတယ်။ ပါတီဝင် စည်းရုံးတဲ့အခါ နယ်တွေမှာ လူထုက အကြောက်တရားတွေက လွှမ်းနေတယ်၊ နောက်တပိုင်းက ကော်မရှင်ရဲ့ဥပဒေတွေကလည်း အခက်အခဲ ရှိနေတယ်ဆိုတဲ့အကြောင်း၊ သတ်မှတ်ထားတဲ့ ရွေးကောက်ပွဲရက်အတွင်း ဝင်နိုင်ဖို့ ကျိုးပမ်းနေပေမဲ့ လက်တွေ့ကတော့ အလုပ်လုပ်ရင်းနဲ့သာ သိနိုင်မှာဖြစ်ကြောင်း ဘီဘီစီကို ပြောပြပါတယ်။