ဘာကြောင့် ဒီနေ့ကို ရွေးသလဲ

  • 13 ဩဂုတ် 2010

လာမယ့် နိုဝင်ဘာလ ၇ ရက် နေ့မှာ ရွေးကောက်ပွဲ ပြုလုပ်မယ်လို့ မြန်မာ အစိုးရက သြဂုတ်လ (၁၃) ရက်နေ့မှာ ထုတ်ပြန် ကြေငြာလိုက်ပါတယ်။

ဒီလို ကြေငြာ လိုက်တဲ့ အတွက် ရွေးကောက်ပွဲ ဝင်မယ့် နိုင်ငံရေး ပါတီတွေ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ် တွေ ဟာ အချိန် သုံးလ နီးပါး အတွင်းမှာ စည်းရုံး လှုပ်ရှား ကြဖို့ အလျင် အမြန် ပြင်ဆင် ကြရတော့မယ်လို့ မြန်မာ့ နိုင်ငံရေးနဲ့ ရွေးကောက်ပွဲ အခြေ အနေကို အစဉ် တစိုက် စောင့်ကြည့်လေ့လာ နေတဲ့ ရန်ကုန်က စာရေးဆရာ သတင်းစာ ဆရာ မောင်ဝံသက ပြောပါတယ်။

Image caption လာမယ့် နိုဝင်ဘာ ၁၃ ရက်မှာ ဒေါ်စု လွတ်လာ ရမယ်လို့ NLD ပြော

ရွေးကောက်ပွဲ လုပ်မယ့် နေ့ရက်ဟာ ဒေါ်အောင်ဆန်း စုကြည် ကို လွှတ်ပေး ရမယ့်ရက် မတိုင်ခင် တစ်ပတ်လောက် အလို ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်း စုကြည် ကို ရွေးကောက်ပွဲမှာ မပါ စေချင်လို့ အဲဒီရက်မှာ တမင် လုပ်တာလို့ ပြောဆို မှုတွေရှိနေတာနဲ့ ပတ်သက်လို့ ဆရာ မောင်ဝံသ ကတော့ ရွေးကောက်ပွဲ မတိုင်ခင် ဒေါ်အောင်ဆန်း စုကြည် လွတ်တာ မလွတ် တာဟာ ရွေးကောက်ပွဲကို ဘယ်လိုမှ အကျိုး သက်ရောက်မှု မရှိနိုင်ဘူးလို့ ယူဆ ပါတယ်။

ဒါပေမဲ့ မိတ္ထီလာ မြို့နယ် NLD စည်းရုံးရေးမှူး ဒေါ်မြင့်မြင့်အေးက တော့ မြန်မာ အစိုးရ ဟာ ဒေါ်အောင်ဆန်း စုကြည်နဲ့ ပတ်သက်လို့ စိုးရိမ် မှု ရှိနေတယ်။ လူထု ထောက်ခံမှုကို ရထားတဲ့ ဒေါ်အောင်ဆန်းစုကြည်သာ ရွေးကောက်ပွဲ မတိုင်ခင် ပြန်လွတ် လာရင် ပြည်သူ လူထုကြားမှာ လှုပ်ခတ်မှု တွေ ရှိလာနိုင်တဲ့ အတွက် အခု အချိန်ကနေ သုံးလ လောက်ပဲ အချိန်ပေးပြီး ရွေးကောက်ပွဲ ရက်ကို သတ်မှတ် တာ ဖြစ်တယ်လို့ သုံးသပ် ပါတယ်။