အာဏာမှာ ကြာကြာနေနိုင်ဖို့ ဗိုလ်ချုပ်ကြီးတွေပြင်

  • 14 ဩဂုတ် 2010

ရွေးကောက်ပွဲဟာ စစ်အစိုးရက လမ်းပြမြေပုံ အဆင့် ၅ အရ အကောင်အထည် ဖေါ်တာဖြစ်ပြီး ရေရှည်မှာ ဘယ်လို ဆက်လက် ရပ်တည်သွားကြမလဲ ဆိုတဲ့ အစီအစဉ်ကိုလည်း စစ်အရာရှိကြီးတွေက ပြင်ဆင်ထားကြပြီး ဖြစ်ပါတယ်။

Image caption အရပ်ဖက် အာဏာရော စစ်ဖက် အာဏာပါ ထိန်းချုပ် သွားဖို့ ပြင်ဆင်ပြီး။

ဒါနဲ့ပတ်သက်ပြီး NDD ဒီမိုကရေစီနဲ့ဖွံ့ဖြိုးတိုးတက်ရေးအင်အားစုမှ အတွင်းရေးမှူး စိုင်းမြင့်သူက လေး လပတ် စစ်ကောင်စီ အစည်းအဝေး၊ တပ်မှူးတွေ ရဲ့အစည်းအဝေးတွေမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အမိန့်နဲ့ ဘယ်သူတွေက နိုင်ငံရေး အာဏာ ဘယ်လို ထမ်းကြမလဲ၊ ပြီးတော့ တပ်တာဝန်တွေကို ဘယ်သူက ယူမလည်း ဆိုတဲ့ တာဝန်ခွဲဝေမှုတွေ လုပ်ကြတယ်လို့ ဘီဘီစီကို ပြောပါတယ်။

လာမယ့် ရွေးကောက်ပွဲ ကာလမတိုင်ခင်မှာ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေကို ကြားဖြတ်အစိုးရမှာ တာဝန်ပေးမလိုလို သတင်း အစက ထွက်ခဲ့ သေးတာကိုလည်း စိုင်းမြင့်သူက ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် ဦးသိန်းစိန်တို့က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ဦးဆောင်ပြီး ပွဲထွက် လာကတည်းက တပ်မတော်အစိုးရ လို့တောင် မခေါ်ပါနဲ့လို့ ဆိုတဲ့အတွက် ကျန်တဲ့တပ်မတော်ထဲက အရာရှိကြီးတွေကဦးဆောင်ပြီး ကြားဖြတ်အစိုးရ ထွက်လာမယ် ဆိုရင် တပ်မတော် အစိုးရ၊ စစ်အစိုးရ ဆိုတဲ့ ပြဿနာမျိုး ဖြစ်နေဦးမှာမို့ လက်ရှိ အနေအထားအရ စစ်အရာရှိတွေ ခေါင်းဆောင်တဲ့ ကြားဖြတ်အစိုးရ ဖြစ်လာနိုင်စရာ မမြင်ကြောင်းလည်း စိုင်းမြင့်သူက ပြောပါတယ်။

ရွေးကောက်ပွဲလွန် ကာလအတွက် စစ်တပ်က စီးပွါးရေး လုပ်ငန်းတွေမှာလည်း ပြင်ဆင်မှုတွေ လုပ်ထားပြီ ဖြစ်ပါတယ်။ ဟိုးအရင်ကတည်းက စီးပွါးရေး လုပ်ငန်းရှင်ကြီးတွေနဲ့ တွဲစပ်ပြီး စစ်ခေါင်းဆောင်တွေက စီးပွါးရေး လုပ်ငန်းကြီးတွေ လုပ်လာခဲ့သလို အခုလည်း ၂၀၀၉ မှာ ပြည်သူပိုင်တွေကို ပုဂ္ဂလိကပိုင် ပြောင်းမယ်ဆိုပြီး လုပ်လာတာတွေဟာ စစ်တပ် အရာရှိကြီးတွေက စီးပွါးရေး အာဏာကို လက်ထဲမှာ ဆက်ပြီး ထိန်းချုပ်ထားနိုင်ဖို့ ပြင်ဆင်လုပ်ကိုင် နေတာဖြစ်တယ်လို့ စိုင်းမြင့်သူက ဘီဘီစီကို ပြောပြသွားခဲ့ပါတယ်။