ရွေးကောက်ပွဲအပေါ် နိုင်ငံတကာရဲ့ တုံ့ပြန်မှုများ

  • 14 ဩဂုတ် 2010
Mr Bankimoon
Image caption ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးအကျဉ်းသား တွေ ပြန်လွှတ်ပေးဖို့ ဘန်ကီမွန်း တောင်းဆို

မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်တဲ့ ရွေးကောက်ပွဲနေ့ ကြေညာ ချက်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ရွေးကောက်ပွဲမတိုင်မီနိုင်ငံရေးအကျဉ်းသား တွေ ပြန်လွှတ်ပေးဖို့ မြန်မာ စစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

မြန်မာအစိုးရ အနေနဲ့ အရင် လူသိရှင်ကြား ပေးထားပြီး ကတိဖြစ်တဲ့ ရွေးကောက်ပွဲမှာ သက်ဆိုင်သူ အားလုံးပါဝင်နိုင်ခွင့်နဲ့ လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုတဲ့ ကတိအတိုင်း တလေးတစား လုပ်ဆောင်ဖို့ မစ္စတာ ဘန်ကီမွန်းက ထပ်မံ တောင်းဆိုလိုက် ကြောင်း အထွေထွေ အတွင်းရေးမှူးရဲ့ တွဲဖက် ပြောခွင့်ရပုဂ္ဂိုလ် မစ္စချယ်ဇွန်ငါက ဘီဘီစီကို ပြောပါတယ်။

မစ္စတာဘန်ကီမွန်းက အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီ ပြောင်းလဲရေး အတွက် အရေးကြီးတဲ့ ခြေလှမ်းတွေအဖြစ် ပြည်သူတွေကို အခြေခံ လွတ်လပ်ခွင့်တွေ ပေးဖို့ နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းတဲ့ အကြောင်း မစ္စချယ်ဇွန်ငါက ပြောပါတယ်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်နဲ့ သူ့ရဲ့အကြံပေး ပုဂ္ဂိုလ် မစ္စတာဗီဂျေနမ်ဘီယာ တို့ဟာ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံဆောင်ရွက် နေပေမယ့်လည်း မြန်မာအစိုးရ အနေနဲ့ နိုင်ငံ တကာက စိုးရိမ်နေကြမှုတွေကို ဖြေရှင်းပေးရေး အတွက် အခုထက်ပိုမိုတဲ့ ပူးပေါင်း ဆောင်ရွက်မှု လိုအပ်နေတယ်လို့ သတ်မှတ်ယူဆ နေကြောင်း ကုလသမဂ္ဂဘက်က ပြောပါ တယ်။

Image caption ရွေးကောက်ပွဲမှာ အားလုံးဟာ ညီညီမျှမျှ စည်းရုံး ဆောင်ရွက်ခွင့်ရှိမှာ မဟုတ်ဘူး

အခုလို မြန်မာအစိုးရက ရွေးကောက်ပွဲ ကျင်းပ မယ့်ရက် ကြေညာလိုက်တဲ့အပေါ် အမေရိကန် နိုင်ငံခြားရေးဌာနကလည်း မြန်မာအစိုးရရဲ့ လက်ရှိ အခင်းအကျင်းအောက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ သက်ဆိုင်သူ အားလုံး ပါဝင် နိုင်မှာ မဟုတ်သလို အများယုံကြည် လက်ခံနိုင် လောက်တဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

ဖိနှိပ်မှုတွေရှိနေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေအောက်မှာ ရွေးကောက်ပွဲအတွက် အားလုံးဟာ ညီညီမျှမျှ စည်းရုံးဆောင်ရွက်ခွင့် ရှိမှာ မဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ ဖိလစ်ခရိုလေးကပြောပါတယ်။

ဗြိတိသျှနိုင်ငံခြားရေးဌာန အငယ်တန်းဝန်ကြီး Jeremy Browne ကလည်း ဒေါ်အောင်ဆန်း စုကြည် နဲ့ နိုင်ငံရေးရေးအကျဉ်းသားအားလုံး လွှတ်ပေးကာ လွတ်လပ်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲ ဖြစ်စေဖို့ မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

နောက်ပြီးသူက အတင်းအကြပ် ဖိနှိပ်မှုတွေ ရှိနေတဲ့ အခြေအနေအောက်မှာ ကျင်းပမယ့် အခု ရွေးကောက်ပွဲဟာ စစ်အုပ်ချုပ်မှု သက်ဆိုးစေရေးအတွက်သာ ဖြစ်စေမှာလို့ ပြောကြားလိုက် ပါတယ်။

အပြောင်းအလဲအတွက် မြန်မာပြည်သူတွေဟာ တကယ့်စစ်မှန်တဲ့ မဲပေးခွင့် ရရှိသင့်ကြောင်း နဲ့ မြန်မာအာဏာပိုင်တွေအနေနဲ့ အများယုံကြည် လက်ခံနိုင်အောင် လုပ်ဖို့ နောက်မကျသေး ကြောင်း သူကပြောပါတယ်။

Image caption အခုရွေးကောက်ပွဲဟာ စစ်အုပ်ချုပ်မှု သက်ဆိုး ရှည်စေရေး အတွက်သာ ဖြစ်စေမှာ

အဲဒီလိုမှ မဟုတ်ရင် အခုကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားဝင်မှာ မဟုတ်ပဲ နိုင်ငံ တကာကလည်း ယုံကြည်မှာ မဟုတ်ဘူးလို့ သူက ဆက်ပြောကြားသွားပါတယ်။

Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ ကတော့ အခု ရွေးကောက်ပွဲဟာ စစ်တပ်အုပ်ချုပ်မှု ထပ် အာဏာတည်မြဲရေးအတွက် ဟန်ပြ အရပ်သား အစိုးရ ဖွဲ့ဖို့သာ ဖြစ်တယ်လို့ ပြောပါတယ်။