ကံစမ်းမဲလား ရွေးကောက်ပွဲလား

  • 16 ဩဂုတ် 2010

ပြည်ပရောက် မြန်မာတွေ ကြားမှာတော့ မဲပေးမယ့်သူနဲ့ မဲမပေးမယ့်သူ အမြင်တွေ၊ အတွေးတွေ အမျိုးမျိုး ရှိနေပေမယ့် အများစု ကတော့ မဲမပေးဘူးလို့ ဘီဘီစီကို ပြောကြ ပါတယ်။

စစ်အစိုးရ လက်အောက်မှာ လူတွေ ဒုက္ခတွေ ရောက်ပြီး ဆင်းရဲ နေတာမို့ အဲဒီအောက် ကနေ အမြန်ဆုံး လွတ်စေချင်တာ တစ်ခုတည်းကြောင့် မဲပေးတာလို့ နယူးယောက်ခ်မြို့ရောက် မဲပေးခွင့်ရှိသူ မသဲ က ပြောပါတယ်။

တိုင်းပြည် ကောင်းသွားဖို့ စေတနာကောင်းနဲ့ မဲပေးဖို့ ဆုံးဖြတ် ခဲ့ပေမယ့် ကောင်းတဲ့ဘက်က မပြောင်းလဲခဲ့လည်း မြန်မာတွေရဲ့ ကံပေါ့လို့ သူက ဆိုပါတယ်။

Image caption ရွေးကောက်ပွဲအတွက် စစ်အစိုးရက ခြေလှမ်း ကျဲကျဲနဲ့ ပြင်ဆင်လာ၊ ပြည်သူက စိတ်မဝင်စား

``ဘယ်ပါတီက ဘယ်လိုဆိုတာ လူတွေက သိပ် မသိကြဘူး၊ ထောင်ထားတဲ့ ပါတီတွေ ကလည်း သူတို့ လူတွေ ဖြစ်ချင် ဖြစ်နေမှာ၊ လူတွေက ဘယ်သူမှ သေချာ မသိဘူး။ မသိတဲ့ ကြားထဲက အကောင်းဆုံးလို့ ထင်တဲ့လူကို မဲပေးကြမယ်။ အဲဒီလူကလည်း အကောင်းဆုံး ဖြစ်မလာဘူး ဆိုရင် နိုင်ငံကြီးက ပိုဆိုးမယ်ဆိုရင် ဒါ ဘာမှ ပြောလို့ မရဘူး။ ကံ ကံ၏အကျိုး မြန်မာနိုင်ငံက လူတွေရဲ့ ကံတရားပဲ ပြောရတော့ မှာပေါ့`` လို့ မသဲ က ပြောပါတယ်။

လန်ဒန်မြို့က မဲပေးပိုင်ခွင့်ရှိသူတစ်ဦးကတော့ မမျှမတဖြစ်နေတာ ရှင်းရှင်းဘွင်းဘွင်းကြီးမို့ ဒီရွေးကောက်ပွဲမှာ မဲမပေးဘူးလို့ ဆိုပါတယ်။

``ရှင်းရှင်းကြီး ဖြစ်နေတယ်၊ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ လုပ်တာ မဟုတ်ဘူး။ NLD ပါတီလည်း မပါဘူး၊ ရွေးကောက်ပွဲက အမှန်တရား ဖြစ်လာမှာ မဟုတ်ဘူး။ ကျွန်တော်တို့ လိုချင်တဲ့ ပါတီကို မဲပေးလည်း အမှန်တရား သိရမှာ မဟုတ်ဘူး။ မဲပေးတာပဲ ရှိမယ်၊ သူတို့ လိုချင်တာ သူတို့ ထုတ်သွားမှာပဲ၊ ဒါကြောင့် မပေးဘူး`` လို့ သူက ပြောပါတယ်။

သံရုံးက မဲပေးဖို့ ဖိအား ပေးလာတာတောင် မမှန်ကန် မမျှတလို့ ဂရုမစိုက်ဘူး၊ မဲမပေးဘူးလို့ သူက ဆက်ပြောပါတယ်။