၁၇ ဦးပါ ကော်မရှင်က အဓိကလို့ဆို

၁၇ ဦးပါ ကော်မရှင် လက်ထဲမှာ ၂၀၁၀ နိုဝင်ဘာလ ရွေးကောက်ပွဲရဲ့ သေခြင်း ရှင်ခြင်း မူတည်နေတယ်လို့ ဥပဒေပညာ ကျွမ်းကျင်သူ ပညာရှင် က ဆိုလိုက် ပါတယ်။

Image caption နိုဝင်ဘာ ရွေးကောက်ပွဲဟာ မျှတပါ့မလား ကော်မရှင်နဲ့ ဗိုလ်ချုပ်မှူးကြီး ဘယ်သူကြီး

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ရွေးကောက်ပွဲ ကော်မရှင်ကို လုပ်ပိုင်ခွင့် ပေးထားပြီးပြီ၊ ဒါကို မသုံးတာက ပြဿနာ ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စု အင်ဒီးယားနား တက္ကသိုလ် ဥပဒေကျောင်းက အခြေခံ ဥပဒေဆိုင်ရာ ဒီမိုကရေစီ စင်တာရဲ့ လက်ထောက် ဒါရိုက်တာ ဒေါက်တာ ဆလိုင်း ငွင်ကျုံးလျန် က ဘီဘီစီကို ပြောပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ဟာ လုပ်ပိုင်ခွင့်ကို မသုံးဘဲနဲ့ ကြံ့ဖွံ့ပါတီက လုပ်ချင်တာ လုပ်နေ တယ်လို့လည်း သူက ထောက်ပြခဲ့ ပါတယ်။

လာမယ့် ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မဖြစ်ဆိုတာ အခြေခံ အကျဆုံး ဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသား အာလုံးကို ပြန်လွှတ် ပေးတာနဲ့ တိုင်းတာ ရမယ်လို့လည်း ဒေါက်တာ ဆလိုင်း က ပြောပါတယ်။

``ဘယ်လိုပုံစံမျိုးနဲ့ ရွေးကောက်ပွဲမှာ မဲဆွယ်ရမယ်၊ ဘယ်လို စည်းရုံး ရမယ် ဆိုတာ မပြောပါ နဲ့ဦး၊ နိုင်ငံရေး ခံယူချက်ကြောင့် ထောင်ကျခံ နေတဲ့သူ ရွေးကောက်ပွဲမှာ မပါနိုင်သရွေ့ အဲဒီ ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲ ဘယ်တော့မှ မဖြစ်နိုင်ဘူး`` လို့ ဒေါက်တာ ဆလိုင်း ငွင်ကျုံးလျန် က ပြောပါတယ်။