နိုင်ငံရေးအကျဉ်းသားလွတ်အောင်လုပ်ဖို့ နိုင်ငံရေးပါတီတွေမှာ တာဝန်ရှိ

  • 15 ဩဂုတ် 2010
prisoners
Image caption ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး အကျဉ်းသား တွေ လွတ် ဖို့ မျှော်လင့် နေကြ

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က လာမယ့် ရွေးကောက်ပွဲမှာ အားလုံး ပါဝင်နိုင်ပြီး လွတ်လပ်မျှတ တဲ့ ရွေးကောက်ပွဲ ဖြစ်အောင် လုပ်ဖို့ မြန်မာ အစိုးရ ကို တိုက်တွန်းခဲ့သလို အဲဒီ အတွက်အရေးကြီးတဲ့ အဆင့် တခု ကို တက်လှမ်းရေး အတွက် နိုင်ငံရေး အကျဉ်းသား တွေ အချိန် မဆိုင်း ပဲ ပြန်လွတ်ပေး ဖို့ တောင်းဆို အပြီး ရက် မကြာခင် မှာပဲ မြန်မာ နိုင်ငံ အတွင်း မှာ အခြေစိုက်တဲ့ လူ့အခွင့်အရေး အဖွဲ့ တခု က နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး အတွက် အခု ရွေးကောက်ပွဲ ဝင် ကြမယ့် နိုင်ငံရေးပါတီ တွေ ကလည်း တာဝန် ရှိတယ် လို့ ဘီဘီစီ ကို ပြောပါတယ်။

မြန်မာ နိုင်ငံတွင်းက လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေး ကွန်ယက် အဖွဲ့ က ပြောခွင့်ရ ပုဂ္ဂိုလ် ဦးစောဘန်ကူး က အခုလို ပြောခဲ့တာဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားဆိုတာ နိုင်ငံ ပြုပြင် ပြောင်းလဲရေးမှာ ပါဝင် ဆောင်ရွက် နိုင်သူ တွေ ဖြစ်တဲ့ အတွက် စစ်အစိုးရ က လွှတ်ပေး သင့်တယ် လို့ လည်း ဆိုပါတယ်။

ယခင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ကနေ ၁၉၈၈ လူထုအုံကြွမှု နောက်ပိုင်းမှာ အသွင်ပြောင်းခဲ့တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ က နိုင်ငံရေး ယုံကြည်ချက် ကြောင့် ဘယ်သူ မှ အကျဉ်းထောင် ထဲ ရောက်တာကို သူတို့ မလိုလားပေမဲ့ ပုဂ္ဂိုလ် တဦး တယောက်ချင်း ဖြစ်တဲ့ ကိစ္စ ဟာ သူ့ အကြောင်းနဲ့ သူ ဖြစ်တဲ့ အတွက်၊ နိုင်ငံရေး အကျဉ်းသား တောင်းဆိုဖို့ အရေး သူတို့ မှာ အစီအစဉ် မရှိဘူး လို့ ဘီဘီစီ ကို ပြောပါတယ်။

ရွေးကောက်ပွဲ ဝင်တာဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ကို တိုးတက် ချဲ့ထွင် လိုတဲ့ အတွက် ဖြစ်တယ် လို့ ပြောဆိုလေ့ ရှိတဲ့ ဒီမိုကရက်တစ်ပါတီ က ဉက္ကဋ္ဌ ဦးသုဝေ ရဲ့ အမြင် က တော့ သူတို့ အနေနဲ့ နိုင်ငံရေး အကျဉ်းသား တွေလွတ်မြောက် လာရေး ကို လိုလား ပေမယ့် စစ်အစိုးရ လက်အောက်မှာ နိုင်ငံတကာ က ဖြစ်စေ၊ ပြည်တွင်းက ဖြစ်စေ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းနေလို့ အကျိုး မထူးဘူး လို့ ဆိုပါတယ်။

ဒီမိုကရေစီ အင်အားစုတွေ လာမယ့် ရွေးကောက်ပွဲမှာ အများအပြား နိုင်ပါမှ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်အောင် လုပ်နိုင်မယ် လို့ သူ ယုံကြည်ကြောင်း ဦးသုဝေ က ဘီဘီစီ ကို ပြောပြ ပါတယ်။