သတင်းလွတ်လပ်ခွင့် ကျပ်တည်း

  • 16 ဩဂုတ် 2010
သတင်းစာအရောင်းသမားများ
Image caption သတင်းစာအရောင်းသမားများ

မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို ဦးတည်တဲ့ လမ်းကြောင်းဆီသွားနေပါတယ်ဆိုပြီး ပြောနေကြပေမယ့် ရွေးကောက်ပွဲရက် ကြေညာတဲ့ ရက်ပိုင်းမှာ သတင်းလွတ်လပ်ခွင့်တွေ ပိုပေးလာရမယ့်အစား သတင်းဂျာနယ်တချို့ ရက်အကန့်အသတ်နဲ့ ရပ်နားခံရတာတွေလည်းရှိခဲ့ပါတယ်။

အခုလောလောဆယ်မှာ မော်ဒန်တိုင်းစ် ဂျာနယ်ကိုလည်း ထုတ်ဝေခွင့် တပါတ်ရပ်နားလိုက်ပြန်ပါတယ်။

ဒီလိုအခြေအနေအပေါ် သတင်းစာဆရာကြီး ကြေးမုံဦးသာဘန်းက ရွေးကောက်ပွဲမှာ သူတို့နိုင်ဖို့ကိုပဲ လုပ်ထားတယ်ဆိုတော့ သတင်းဂျာနယ်တွေအနေနဲ့ လွတ်လပ်မှုမှ မရှိပဲ အစကတည်းက မရှိခဲ့တာ အခုတော့ ပိုပိတ်မှာပေါ့ဗျာလို့ ကြေးမုံ ဦးသာဘန်းက ဘီဘီစီကို ဆက်ပြောပါတယ်။

ဟို ယခင် အချိန်တုန်းက သတင်းစာ လုပ်ငန်းအခြေအနေကိုလည်း သတင်းစာဆရာကြီးဦးသာဘန်းက ရှင်းပြရာမှာ မဆလမတိုင်ခင် ခေတ်တုန်းကတော့ အများကြီး လွတ်လပ်တာပေါ့၊ သတင်းစာတွေက မဲလိမ်တာ မဲခိုးတာကအစ မတရားတာတွေ အကုန်လုံး ရေးနိုင်ခဲ့တယ်၊ အခုဟာက ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် ဆိုတဲ့လူတွေဆိုတော့ကာ သူတို့က သတင်းတွေကို ပိုပြီးတော့ကြပ်တော့ တာပေါ့လို့ ဘီဘီစီကို ပြောပါတယ်။

သတင်းလွတ်လပ်ခွင့်ဟာ အရေးကြီးကြောင်း သတင်းလုပ်ငန်းဟာ ဒီမိုကရေစီအရ ပြောရရင် စတုတ္ထမဏ္ဍိုင်ဖြစ်ကြောင်း ဒါပေမယ့် ဒီစတုတ္ထဏ္ဍိုင်က မလွတ်လပ်သလို တရားရေးတို့ လွှတ်တော်တို့ကလည်းမလွတ်လပ်ကြောင်း ဒီလိုမလွတ်လပ်ခဲ့တာဟာ မဆလခေတ်တလျောက်လုံးဖြစ်ခဲ့ကြောင်း အခုလည်း ပေါ်ပေါက်လာမယ့် လွှတ်တော်ဟာလည်း လွတ်လပ်မှာ မဟုတ်တဲ့လွှတ်တော်ဖြစ်မယ့်အကြောင်း ကြေးမုံဦးသာဘန်းက သူ့အမြင်ကို ဘီဘီစီကို ပြောပြသွားပါတယ်။