မြန်မာနိုင်ငံအလယ်ပိုင်း ရိက္ခာမလုံလောက်

  • 17 ဩဂုတ် 2010
Water in dry zone
Image caption မြန်မာ အလယ်ပိုင်း ဒေသ မိုးခေါင်ရေရှား မှုဖြစ်

မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုံဒေသမှာ စားနပ်ရိက္ခာမလုံလောက်မှုတွေဖြစ်နေလို့ တိုးတက်လာအောင် ဘယ်လိုလုပ်ကြမလဲဆိုတာ ကုလသမဂ္ဂနဲ့ စေတနာဝန်ထမ်းအဖွဲ့အစည်းတွေ ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံ အလယ်ပိုင်းက မကွေးတိုင်း မန္တလေးတိုင်း နဲ့ စစ်ကိုင်းတိုင်း အောက်ပိုင်းမှာ ၃ နှစ်ဆက်တိုက် မိုးခေါင်ခဲ့လို့ နေထိုင်သူ ၈ သန်းခွဲလောက်ထဲက အများစုဟာ စားစရာအလုံအလောက်မရှိတဲ့အခြေအနေ ဖြစ်ခဲ့တယ်လို့ FAO အဖွဲ့က ဆိုပါတယ်။ဒါကို သက်သာရာ ရဖို့အတွက် စိုက်ပျိုးရေး၊ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၊ရေအရင်းအမြစ် စီမံခန့်ခွဲရေး၊ ဆင်းရဲသားတွေ ငွေပင်ငွေရင်း ရနိုင်ရေးနဲ့စွမ်းအင်မြှင့်တင်ရေး တွေမှာ ကူညီဖို့ ကုလသမဂ္ဂ အပါအဝင် အဖွဲ့အစည်း ၃၅ ဖွဲ့က ဆောင်ရွက် နေပါတယ်။

ဒီလုပ်ငန်းအတွက် ကုန်ကျစရိတ်ဘယ်လောက်လိုမလဲဆိုတာ အဖြေရခက်တဲ့ကိစ္စပါ။ လူ ၈ သန်းခွဲနေထိုင်တဲ့ မြို့ နယ် ၅၈ ခုမှာ ဘယ်လောက်အကုန်အကျခံပြီး လုပ်ကြမလဲလို့မေးရင် အခုရနိုင်တဲ့ နိုင်ငံရပ်ခြားကူညီမှုရံပုံငွေက လူတစ်ယောက် တစ်နှစ်ကို ၅ ဒေါ်လာပဲရှိတယ်လို့ FAO ကမ္ဘာ့စိုက်ပျိုးရေးအဖွဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌါနေကိုယ်စားလှယ် မစ္စတာ ရှင်အီမိုင်းက ဘီဘီစီကို ပြောပါတယ်။

အခုအခြေအနေမှာ အကြံပြုနေတဲ့အဆင့်သာ ရှိနေပြီး ရံပုံငွေက မရှိသေးတော့ ဒါကိုဖြေရှင်းမယ့် စီမံကိန်းတစ်ခုအနေနဲ့ ပေါ်ပေါက် မလာသေးပါဘူး။ဒီလိုအချိန်မှာ စိုက်ပျိုးရေးဆိုင်ရာ မူဝါဒတွေ ပြောင်းလဲဖို့ကိုလည်း မြန်မာအစိုးရကို ကုလသမဂ္ဂက တိုက်တွန်းနေတာ ဖြစ်ပါတယ်။