ရွေးကောက်ပွဲ စည်းကမ်းပြင်ပေးဖို့ UDP ပြော

  • 17 ဩဂုတ် 2010
Myanma Alin
Image caption ကိုယ်စားလှယ် မှတ်ပုံတင်ရက်နဲ့ ဝင်ပြိုင်ကြေးကို ပြင်ဆင်ပေးဖို့ UDP တောင်းဆို

ရွေးကောက်ပွဲ ဝင်မဲ့ လွှတ်တော် ကိုယ်စားလှယ် စာရင်း တင်ဖို့ရက်နဲ့ ဝင်ပြိုင်ခ ငါးသိန်း ပေးသွင်းရမဲ့ အချက်ကို ပြင်ဆင်ပေးဖို့ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ UDP က ရွေးကောက်ပွဲ ကော်မရှင်ကို တောင်းဆိုလိုက်ပါတယ်။

ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေတွေဟာ ပါတီ အများစု အတွက် အကန့်အသတ်ကြီးတွေ ဖြစ်နေတယ်၊ ဒါတွေကို ပြင်ဆင်ပေးဖို့ ယူဒီပီ ဥက္ကဌ ဦးသိန်းဌေးက ပြောပါတယ်။

ကိုယ်စားလှယ်လောင်း တင်သွင်းရမဲ့ ရက်တွေကို သက်တမ်းထပ်တိုးပေးဖို့နဲ့ ကိုယ်စားလှယ် တဦးကို ဝင်ပြိုင်ခ ကျပ်ငါးသိန်း ပေးသွင်းဖို့ သတ်မှတ်ထားချက်ကို တသိန်းထိ ပြင်ဆင် ပြောင်းလဲပေးဖို့ ယူဒီပီ ကြေညာချက်ထုတ် တောင်းဆိုထားပါတယ်။

ကိုယ်စားလှယ်လောင်းတွေ အမည်တင်သွင်းရမဲ့ နောက်ဆုံးနေ့ရက်ဟာ သြဂုတ်လ ၁၆ ရက် ပြီးခဲ့တဲ တနင်္လာနေ့က ဖြစ်ပါတယ်။

ဒါပေမယ့် စက်တင်ဘာ လကုန်လောက်ထိ ကိုယ်စားလှယ်လောင်း တင်သွင်းရက်ကို ရွှေ့ပေးရင် နည်းနည်း အသက်ရှုချောင်မယ်လို့ ယူဒီပီ ပါတီက ပြောပါတယ်။

ကိုယ်စားလှယ်လောင်း တယောက်အတွက် တင်သွင်းရမဲ့ ငွေငါးသိန်းဟာ ကနေ့ခေတ် စီးပွားရေး ကျပ်တည်းချိန်မှာ ရှာဖို့ခက်တဲ့ ပမာဏလို့ ဆိုပါတယ်။

တဆက်ထဲမှာ ကြံခိုင်ရေး ပါတီက ပိုက်ဆံနဲ့ မဲဝယ်နေတာတွေကိုလည်း တားဆီးပေးဖို့ ရွေးကောက်ပွဲ ကော်မရှင်ကို တောင်းဆိုထားတယ်လို့ ယူဒီပီ ဥက္ကဌ ဦးသိန်းဌေးက ပြောပြသွားပါတယ်။