USDP ပါတီ အမတ်လောင်း ဘယ်သူ တွေလဲ

လွှတ်တော် သုံး ရပ်စလုံးမှာ ဝင်ရောက် ရွေးချယ် ခံမယ့် ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီက ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြဖို့ လွှတ်တော် အမတ်လောင်း စာရင်း ပြုစုနေပါတယ်။

Image caption အလုပ်သမား ဝန်ကြီး ရွေးကောက်ပွဲမှာ ဝင် အရွေး ခံမယ်

ရွေးကောက်ပွဲမှာ လက်ရှိ ဝန်ကြီးတွေ ထဲက အလုပ် သမား ဝန်ကြီး ဦးအောင်ကြည် ကတော့ ရန်ကုန်မြို့ မင်္ဂလာ တောင်ညွှန့် မြို့နယ်ကနေ ဝင်အရွေး ခံမှာ ဖြစ်ပြီး ကျန်တဲ့ ဝန်ကြီး အများစုက နယ်တွေမှာ ဝင် အရွေးခံကြမှာ ဖြစ်ပါတယ်။

ဆည်မြောင်း ဝန်ကြီး ဦးဌေးဦးက ဟင်္သာတ၊ စီမံကိန်းနဲ့ ဖွံ့ဖြိုးရေး ဝန်ကြီး ဦးစိုးသာ က တွံတေး၊ စွမ်းအင် ဝန်ကြီး ဦးလွန်းသီက ကွမ်းခြံကုန်း၊ စက်မှု (၁) ဝန်ကြီး ဦးအောင် သောင်း က မန္တလေးတိုင်း တောင်သာ မြို့နယ်၊ ဆက်သွယ်ရေးနဲ့ ကြေးနန်း ဝန်ကြီး ဦးသိန်းဇော်က ကချင် ပြည်နယ် မိုးကောင်း မြို့နယ် စတဲ့ နယ်မြို့တွေမှာ ဝင်ရောက် ယှဉ်ပြိုင် ကြမှာ ဖြစ်တယ်လို့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီက တာဝန်ရှိသူ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ရန်ကုန်မှာ ဝင် အရွေးခံကြမယ့် လွှတ်တော် ကိုယ်စားလှယ် တွေထဲမှာ တာမွေမြို့နယ်က ဒေါ်လဲ့လဲ့ရွှေ၊ တောင်ဒဂုံက ဒေါ်စုစုလှိုင်၊ သင်္ဃန်းကျွန်းက ဦးခင်ငွေ စတဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေး အသင်း တုန်းက မြို့နယ် အတွင်းရေးမှူး လုပ်ခဲ့သူ သုံးယောက် ပါဝင်တယ်လို့ သူက ဆက်ပြော ပါတယ်။ စစ်တပ်က အငြိမ်းစားတွေ အစိုးရနဲ့ နီးစပ်တဲ့ စာရေး ဆရာတွေ ကို လည်း ကိုယ်စားလှယ်တွေ အဖြစ် ရွေးထားတာ တွေ့ရပါတယ်။

ဖွဲ့စည်းပုံ ရေးဆွဲ ရေးမှာ ပါဝင်ခဲ့ပြီး သတင်းစာထဲမှာ ကလောင် နာမည် အမျိုးမျိုးနဲ့ ဆောင်းပါး ရေးနေတဲ့ တက္ကသိုလ်မြတ်သူ၊ လက်ရှိ စာပေ စာနယ်ဇင်း ဥက္ကဌ လုပ်နေတဲ့ အငြိမ်းစား ဗိုလ်မှူးကြီး တက္ကသိုလ် တင်ခ၊ သတင်းနဲ့ စာနယ်ဇင်း ညွှန်ကြား ရေးမှူး လုပ်ခဲ့တဲ့ ဗိုလ်တထောင် ဘုရား ဂေါပက အဖွဲ့ဝင် အငြိမ်းစား ဗိုလ်မှူးလှထွန်း တို့ကို ရွေးထား တယ်လို့ စောစောက ပါတီ တာဝန်ရှိသူ ကပဲ ပြောပါတယ်။

အများစုက တော့ အရပ်ထဲမှာ နာမည်ပျက် မရှိသူ ငွေကြေးလည်း အသင့် အတင့် ရှိသူ တွေကို လွှတ်တော် ကိုယ်စားလှယ် လောင်းတွေ အဖြစ် ရွေးထားလို့ လည်း သူက ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့ ကျရင် မြို့နယ် အလိုက် ပါတီ ဆိုင်းဘုတ် တင်ဖို့ ညွန်ကြား ထားတယ်လို့ လည်း သိရပါတယ်။ နောက်ပိုင်း ကျရင် ရွေးကောက်ပွဲ ဝင်မယ့် ဝန်ကြီးတွေ နုတ် ထွက်ပြီး ကျန်တဲ့ ဝန်ကြီးတွေနဲ့ ကြားဖြတ်အစိုးရ ဖွဲ့စည်းဖို့ ပြင်ဆင် ထားတယ်လို့ ပါတီ တာဝန်ရှိသူ ပါတီ တာဝန်ရှိသူ က ဘီဘီစီကို ပြောပါတယ်။