တပ်စုအချင်းချင်းပစ်ခတ်မှုကြောင့် ၅ယောက်သေ

  • 19 ဩဂုတ် 2010
စစ်ကြောင်းချီတက်နေတဲ့ တပ်မတော်သားများ
Image caption စစ်ကြောင်းချီတက်နေတဲ့ တပ်မတော်သားများ

တနင်္သာရီတိုင်း ကော့သောင်ခရိုင် ကရသူရိမြို့နယ်ထဲမှာ တာဝန်ကျတဲ့ ခလရ ၂၆၅ တပ်ရင်းမှာ တပ်စု အချင်းချင်း ပစ်ခတ်မှုဖြစ်တဲ့ အတွက် အရာရှိတဦး အပါအဝင် စစ်သားစုစုပေါင်း ၅ယောက် သေဆုံးသွားပါတယ်။

ဒါ့အပြင် ပစ်ခတ်မှုအတွင်း စစ်သား၁၂ယောက် ဒဏ်ရာရလို့ ကော့သောင် ဆေးရုံကို ပို့လိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပင်လယ်ပြင်မှာ တာဝန်ကျတဲ့ တပ်စုအချင်းချင်းပစ်ခတ်မှု နဲ့ ပတ်သက်လို့ အဲဒီနေရာတဝိုက်မှာ ငါးဖမ်းနေတဲ့ စက်လှေတစီးပေါ်က စက်ဆရာက မူလတုံးကတော့ တိုက်ပွဲတခုဖြစ်နေတယ်လို့ထင်ကြောင်း၊နောက်မှ တပ်စုအချင်းချင်း ပစ်ခတ်ရာ အရာရှိတယောက်ပါသေတာကို အသံဖမ်းစက်ကတဆင့်လည်း ကြားရကြောင်း ဘီဘီစီကို ပြောပါတယ်။

လှေတစီးစီနဲ့ ပင်လယ်ပြင်ကို ထွက်ကြရာမှာ တစီးကငွေယူပြီး ငါးဖမ်းခွင့်ပေးတာကို ကျန်တစီးက ဖမ်းပြီး ပစ္စည်းသိမ်းရာကနေ ပြီးခဲ့တဲ့ စနေနေ့က ပစ်ခတ်မှုဖြစ်ပွားတာ ဖြစ်ပါတယ်။

အခုအခါ ခလရ ၂၆၅ ကို ကော့သောင်မြို့ကိုပြန်ခေါ်ထားပြီးသူ့နေရာမှာ ခလရ ၂၆၂ ကိုအစားထိုးထားတယ်လို့ သတင်းရရှိပါတယ်။