မျက်မှန်တွေ အခမဲ့ လုပ်ပေးနေ

  • 18 ဩဂုတ် 2010

ရွေးကောက်ပွဲမှာ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီကနေ ဝင် အရွေးခံမယ့် ဝန်ကြီးတွေ သက်ဆိုင်ရာ မြို့နယ်တွေကို သွားပြီး ဒေသခံ တွေကို စည်းရုံးရေး ဆင်းနေကြ တယ်ဆိုတာ ကြားနေရချိန်မှာပဲ နိုင်ငံခြားရေး ဝန်ကြီး က အခမဲ့ မျက်စိ စမ်းသပ် ပေးတဲ့ အပြင် မျက်မှန် တွေကို ပါ ပေး တဲ့ အစီအစဉ်မှာ ပါဝင် ခဲ့ပါတယ်။

Image caption ဇီးကုန်းမှာ မျက်မှန်တွေ အခမဲ့ လုပ်ပေး

နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း နဲ့ ဇနီးတို့ဟာ သူတို့ ရဲ့ ဇာတိ ပဲခူးတိုင်း ဇီးကုန်းမြို့ကို ဗုဒ္ဓဟူးနေ့ မနက် က သွားရောက်ပြီး မျက်မှန် လာလုပ်ကြတဲ့ နယ်ခံတွေကို နှုတ်ဆက် စကား ပြောခဲ့ပါတယ်။

ပဲခူးတိုင်း အာဏာပိုင် တွေရဲ့ အစီအစဉ် နဲ့ ဇီးကုန်း မယက ဥက္ကဌရဲ့ တောင်းဆိုမှု တို့ကြောင့် ဇီကုန်း ဘိုးဘွားရိပ်သာကို မျက်မှန် လက်ခံ စမ်းသပ်ဖို့ နေရာ ပေးခဲ့ရတယ်လို့ ဒီ အစီအစဉ်မှာ ကိုယ်တိုင် လုပ်ပေးခဲ့ရတဲ့ တာဝန်ခံ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ဗုဒ္ဓဟူးနဲ့ ကြာသပတေး နှစ်ရက် အတွင်း တစ်ရက်ကို လူ (၆၀၀) မျက်စိ စမ်းသပ်ပေးမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဒါပေမဲ့ မျက်မှန် ကိုယ်တိုင်သွားလုပ်ခဲ့သူ တစ်ယောက်ကတော့ သူသိသမျှ ဒီကနေ့ လူ (၂၀၀) ပဲ လက်ခံတယ်လို့ ဆိုပါတယ်။

ဇီးကုန်း သူ ဇီးကုန်းသား ဘယ်သူ့ကို မဆို ဒီကနေ့နဲ့ မနက်ဖြန် နှစ်ရက် အတွင်းမှာ ရန်ကုန်က ဆရာဝန်တွေက မျက်စိ အခမဲ့ စမ်းသပ်ပေး ပြီး လာမယ့် (၂၅) ရက်နေ့မှာ စမ်းထား သူတွေက ဒီဂရီ မျက်မှန်တွေကို သွား ယူကြရမှာ ဖြစ်ပါတယ်။

အခမဲ့ စမ်းသပ်ပြီး မျက်မှန် လည်း ရမှာမို့ တန်းစီနေသူတွေ ကြိတ်ကြိတ်တိုး ပဲလို့ ကိုယ်တိုင် စမ်းသပ် ခံခဲ့သူ က ပြောပါတယ်။

ဝန်ကြီးနဲ့ ဇနီးက ဒါတွေကို သူတို့ ငွေနဲ့ စိုက်ထုတ်ပေးတာ မဟုတ်တဲ့ အကြောင်း၊ လှူသူတွေရဲ့ စေတနာ အစီအစဉ်နဲ့ သူတို့ လာရောက် ကြတာသာ ဖြစ်တဲ့ အကြောင်း ဒေသခံ တွေကို နှုတ်ဆက်ရင်း ရှင်းပြ ခဲ့ကြတယ်လို့ သူက ပြောပါတယ်။

ဇီးကုန်း ဒေသခံတွေ ကတော့ နိုင်ငံခြားရေး ဝန်ကြီးဟာ ဇီးကုန်းကနေ ရွေးကောက်ပွဲ ဝင်မှာမို့ သူ့ကို ထောက်ခံအောင် ကြိုးပမ်းမှုတစ်ခု အဖြစ် မြင်ကြပါတယ်။