အရာရှိကြီးတွေ ကြံ့ဖွံ့ ပါတီ ထဲ ပြောင်းခံရ

  • 18 ဩဂုတ် 2010

မြန်မာ နိုင်ငံမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲ အတွက် ကြိုတင် ပြင်ဆင်တဲ့ အနေနဲ့ စစ်တပ်က အရာရှိတွေ၊ ရဲဘက်နဲ့ အရပ်ဘက်က ညွှန်ကြား ရေးမှူး အဆင့် အထိ ပါဝင်တဲ့ အစိုးရ အဆင့်မြင့် အရာရှိ တချို့ ရာထူးက နုတ်ထွက် နေ ကြရပါပြီ။

Image caption ဝန်ကြီးချုပ်ကိုယ်တိုင် ယူနီဖောင်း ချွတ်ပြီး ပါတီ ခေါင်းဆောင် လုပ်နေ

နုတ်ထွက် ကြရမယ့် အုပ်စု ကတော့ နှစ်စု ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ဝင်မယ့်သူ တွေ အုပ်စုက တစ်စု၊ ရွေးကောက်ပွဲ ဝင်မယ့် အရာရှိကြီးတွေနဲ့ နီးစပ် တဲ့ ဝန်ကြီး ဌာနမှာ တာဝန် ထမ်းဆောင် နေကြသူ အစိုးရ အရာရှိတွေ က တစ်စု ဖြစ်ပါ တယ်။

ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီကနေ ရွေးကောက်ပွဲဝင် ကြမယ့် ဝန်ကြီးတွေ က ရာထူးကနေ နုတ်ထွက် ကြရမယ့် တချိန်တည်း မှာ အဲဒီ အရာရှိကြီးတွေ ယုံကြည် စိတ်ချ ပြီး ခိုင်းလို့ ကောင်းတဲ့သူ တွေကို ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီမှာ ဌာနခွဲမှူး တွေ အဖြစ် ခန့်အပ် တာဝန်ပေးဖို့ ရာထူးက ဆင်းခိုင်းတာ ဖြစ် တယ်လို့ USDP ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ တာဝန်ရှိသူ တစ်ယောက် က ဘီဘီစီကို ပြောပါတယ်။

ပါတီထဲမှာ အရွေခံရမယ့် အဆင့်မြင့် အစိုးရ အရာရှိတွေဟာ သူတို့ ကို ပေးထားတဲ့ အစိုးရ အိမ်ရာ ကနေ ပြောင်းရွေ့ပေး နေကြရပြီး ကားကို လည်း ပြန်အပ် နေကြရပြီ ဖြစ်ပါတယ်။

တကယ်တော့ အရာရှိကြီး တွေဟာ အစိုးရက ပေးထားတဲ့ နေအိမ်၊ ကား၊ ဓါတ်ဆီ စတဲ့ အခွင့် အရေးတွေ ဆုံးရှုံးသွားပြီး ကြားပေါက် ဝင်ငွေလည်း မရှိတော့တဲ့ အတွက် ပါတီ လိုင်းကို မပြောင်းချင်ကြ ပါဘူး။

အစိုးရ အဆင့်မြင့် အရာရှိ တွေက ရာထူး ကို စွန့်လွှတ် လိုက်ရတဲ့ အတွက် သူတို့ရဲ့ ဘဝ မသေချာ မရေရာတဲ့ အခြေအနေမျိုး ဖြစ်သွား တယ်ဆိုပြီး စိတ်ပျက် လက်ပျက် ဖြစ်ကြ သူတွေလည်း ရှိတယ်လို့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီက တာဝန်ရှိသူ ကပဲ ဆက်ပြောပါတယ်။

ဒီအခြေအနေတွေ ဖြစ်လာနိုင်တာကို ကြိုတင် တွက်မိတဲ့ အရာရှိ တချို့ကတော့ စောစောပိုင်း ကတည်းက ဝန်ထမ်း အဖြစ်ကနေ နုတ်ထွက် သွားခဲ့ကြတယ်လို့လည်း ပါတီ တာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။