ကြံ့ခိုင်ရေးပါတီ တနိုင်ငံလုံး ရုံးတွေဖွင့်

  • 20 ဩဂုတ် 2010

USDP ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက သောကြာနေ့မှာ တနိုင်ငံလုံးအနှံ့ ပါတီ ဆိုင်းဘုတ်တွေ တင်လိုက်ပါတယ်။ ပါတီ အင်အားပြတဲ့ သဘောမျိုးနဲ့ ဆိုင်းဘုတ်ဖွင့်ရာ ဌာနတွေမှာ ဒေသခံတွေလည်း ဝတ်စုံပြည့်နဲ့ ခေါ်ယူထားတာကိုလည်း တွေ့ရပါတယ်။

Image caption မဲဆန္ဒနယ် အားလုံးလိုလိုမှာ ဝင်ပြိုင်သွားမယ်လို့ဆို။

ပါတီဆိုင်းဘုတ် တင်တဲ့အခါ အနည်းဆုံး လူ ၅၀၀ တက်ရောက်ရမယ်ဆိုပြီး သတ်မှတ်ထားပေမယ့် ရန်ကုန်က မြို့နယ် ဆိုင်းပုဒ်တင်ပွဲတွေ မှာတော့ လူ ၁၀၀ ဝန်းကျင်ပဲ တက်ရောက်ပါတယ်။

အခုဆို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကနေပါဝင် အရွေးခံမယ့် အစိုးရ အရာရှိကြီးတွေရဲ့ အမည်စာရင်းတွေကိုလည်း ပိုသိလာရပြီဖြစ်ပါတယ်။

ရွေးကောက်ပွဲဝင်ကြမယ့် နာမည်စာရင်း စာရွက် ဖတ်ခွင့်ရခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူတစ်ဦးရဲ့ ပြောပြချက်အရ ဆိုရင် ဆိတ်ကြီးခနောင်တိုမြို့နယ်ထဲမှာပဲ ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေက အမျိုးသားလွှတ်တော်အတွက်၊ ဒုတိယမြို့တော်ဝန် ဦးမောင်ပါက ပြည်သူ့လွှတ်တော်အတွက် ဝင်ရောက် အရွေးခံမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းက တောင်ဥက္ကလာပမြို့နယ်၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီး ဦးမောင်မောင်သိမ်းက ထားဝယ်၊ ဆက်သွယ်ရေးနဲ့ ကြေးနန်းဝန်ကြီး ဦးသိန်းဇော်က ကချင်ပြည်နယ် မိုးကောင်းမြို့နယ်တွေမှာ အရွေးခံကြမှာပါ။

စီးပွါးရေးလုပ်ငန်းရှင်ထဲက ဇေကမ္ဘာ ဦးခင်ရွှေ၊ စာနယ်ဇင်းအဖွဲ့ ဥက္ကဌ တက္ကသိုလ်တင်ခ၊ အတွင်းရေးမှူး ဒေါက်တာ တင်ထွန်းဦးတို့လည်း ဝင်ရောက် အရွေးခံကြမှာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ ပါတီက လွှတ်တော်သုံးရပ် စလုံးမှာ ဝင်အရွေးခံမှာ ဖြစ်ပြီး ကိုယ်စားလှယ် တရာကျော် ရွေးထားပြီးပြီလို့ လည်းသိရပါတယ်။

မန္ထလေးတိုင်းမှာတော့ စက်မှု ၁ ဝန်ကြီး ဦအောင်သောင်း နဲ့ မြို့တော်ဝန် ဦးဖုန်းဇော်ဟန် တို့လည်း ဝင်ရောက်အရွေးခံမှာဖြစ်ပါတယ်။

နေပြည်တော် မဲဆန္ဒနယ်တွေ မှာတော့ အဆင့်မြင့် စစ်အရာရှိကြီးတွေ ဝင်အရွေးခံကြဖို့ ရှိတယ်လို့ သိရပါတယ်။