နယ်ခြားစောင့်တပ်ဖွဲ့ရေး ပြန်ဆွေးနွေး

  • 21 ဩဂုတ် 2010

ဝတပ်ဖွဲ့နဲ့ မုန်းလားခေါင်းဆောင်တချို့ မြန်မာစစ်တပ်က ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့် နဲ့ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးအတွက် မနေ့ သြဂုတ်လ ၂၀ ရက်က တန့်ယန်းနဲ့ ကျိုင်းတုံမြို့တွေမှာ တွေ့ဆုံရာမှာ ဖိအားပေးခံခဲ့ရတယ်လို့ သိရပါတယ်။

Image caption နယ်ခြားစောင့်တပ်ဖွဲ့ရေး လက်မခံလိုတဲ့ ဝတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ

မိနစ် ၃၀ ခန့် ကြာခဲ့တဲ့ တွေ့ဆုံမှုတွေမှာ နယ်ခြားစောင့်တပ်ဖွဲ့ပြောင်းလဲရေးအတွက် စည်းရုံးလုပ်ကိုင်နေရတဲ့ တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်ကပဲ စကားတွေ ပြောခဲ့ပြီး၊ တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်ကတော့ နားထောင်ရုံ သက်သက်ပဲ လုပ်ခဲ့တယ်လို့ ရှမ်းသံတော်ဆင့် သတင်းစဉ်ရဲ့ ဒုတိယအယ်ဒီတာ ဦးစိန်ကြည် က ပြောပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် နယ်ခြားစောင့် တပ်အဖြစ် အသွင်ပြောင်းရေးအတွက် ဆွေးနွေးကြဖို့၊ စည်းရုံးကြဖို့၊ ဖြစ်အောင်လုပ်ကြဖို့၊ နောက်ပြီး ဒီကိစ္စကို လာမယ့် စက်တင်ဘာလဆန်းလောက်မှာ အဖြေပေးဖို့နဲ့ ရွေးကောက်ပွဲ ကာလအထိ အပြောင်းအလဲ မလုပ်ခဲ့ဘူးဆိုရင် ရွေးကောက်ပွဲ ပြီးတဲ့အခါမှာ မတရားအသင်း မဖြစ်သွားစေချင်ဘူးလို့ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်က စကားချိုချိုနဲ့ သွယ်ဝိုက်ပြီး ခြိမ်းခြောက်ခဲ့တယ်လို့ ဦးစိန်ကြည်က ပြောပါတယ်။

ဝ နဲ့ မုန်းလား အဖွဲ့တွေဘက်ကတော့ နားထောင်ရုံ သက်သက်ပဲ တုန့်ပြန်ခဲ့ပြီး၊ သူတို့ ခေါင်းဆောင်တွေထဲမှာ မမာတဲ့လူက မမာ၊ ခရီးသွားတဲ့သူက သွား ဖြစ်နေတာမို့ လူမစုံတဲ့အတွက် ဆွေးနွေးတိုင်ပင် ကြပါဦးမယ်လို့ ပြောပြီး ပြန်ခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာစစ်တပ်ဘက်ကရော လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဘက်ကပါ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး ရွေးကောက်ပြီးတဲ့အခါကျမှ တက်လာမယ့် အစိုးရလက်ထက်မှာ ဆက်ဆွေးနွေးကြမယ်လို့ ပြောဆိုခဲ့ကြပြီး ဖြစ်ပေမယ့်၊ အခုတခါ ပြန်ဆွေးနွေးဖို့ စစ်တပ်ဘက်က ပြောဆို လုပ်ကိုင်လာတာဟာ တရုတ်နိုင်ငံက နှစ်ဘက်စလုံးကို ဖိအားပေးတာ ဒါမှမဟုတ် တိုက်တွန်းတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဦးစိန်ကြည်က ပြောပါတယ်။

နောက်တစ်ချက်ဖြစ်နိုင်တာက အခု မြန်မာစစ်တပ်ထဲမှာ ထိပ်ပိုင်းနဲ့အလယ်ပိုင်း စစ်ခေါင်းဆောင် တချို့ကို တပ်ကနေ အနားပေးတာ၊ အပြောင်းအလဲ လုပ်ဖို့တွေ ရှိနေတာကြောင့် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်ဟာ သူ့ကိုယ့်ကျိုးအတွက် ကုလားထိုင် မပြုတ်ရေးအတွက် အခုလို ပြန်လှုပ်ရှားတာလည်း ဖြစ်နိုင်ချေရှိတယ်လို့ သူက ဆိုပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင်ကာလ အခုအချိန်မှာ ဆွေးနွေးမှု ပြန်လုပ်လာတာကြောင့် စစ်အစိုးရလည်း နိုင်ငံရေး ကစားကွက်တစ်ခုလည်း ဖြစ်နိုင်တယ်လို့ ထောက်ပြတဲ့ ဦးစိန်ကြည်က မနေ့က ဆွေးနွေးပွဲရဲ့ ထူးခြားချက်တစ်ခုကိုလည်း ပြောပြခဲ့ပါတယ်။

ဝတပ်ဖွဲ့နဲ့ မုန်းလားတို့ ထိန်းချုပ်ထားတဲ့ နယ်တွေဟာ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာတဲ့ မဲဆန္ဒနယ်တွေထဲမှာ ပါဝင်နေပြီး၊ ဒီတပ်ဖွဲ့တွေကလည်း သူတို့ နယ်မြေတွေထဲမှာ ဘယ်ပါတီကိုမှ မဲဆွယ်စည်းရုံးခွင့် မပြုနိုင်ဘူးလို့ ပြောထားပြီး ဖြစ်တာမို့ မနေ့က ဆွေးနွေးပွဲမှာ ဒီကိစ္စကို ဘာမှ မပြောသွားတာကတော့ အံ့သြစရာ ကောင်းတယ်လို့ ဦးစိန်ကြည် က ပြောပါတယ်။