ဟိုင်းကြီးကျွန်း ရေတပ်သားတွေလည်းဆန္ဒပြ

  • 21 ဩဂုတ် 2010
Burmese navy
Image caption ရေတပ်သားတွေလည်း စားဝတ်နေရေး ကြပ်တည်း

ဘဏ်စုငွေ ပြန်ထုတ်ပေးဖို့ တောင်းဆိုတာကို အထက်က ဘယ်လိုမှ အကြောင်းမပြန်ပဲ ထားလို့ ဟိုင်းကြီးကျွန်း အခြေစိုက် ပမ္မဝတီ ရေတပ်စခန်း လက်အောက်ခံ အမှတ် ၂၂ စခန်းက ရဲဘော်တွေဟာ စစ်ယူနီဖေါင်းကို ချွတ်ပြီး ဒီလဆန်း ကတည်းက ဆန္ဒပြ နေခဲ့ကြတယ်လို့ တပ်မိသားစုဝင် တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ပစ္စည်းထိမ်းဌာနက ဒုတပ်ကြပ်တစ်ဦးရဲ့ သမီးဖြစ်သူက အရာရှိနဲ့ရဲဘော်တွေ အားလုံး ဘဏ်စုငွေကိစ္စ အထက်ကို တင်တယ်၊ အထက်က ဘာမှ လုပ်မပေးတဲ့အတွက် ရဲဘော်တွေ အားလုံး စစ်ယူနီဖေါင်းတွေ ချွတ်ပြီး အရပ်ဝတ်နဲ့ ဆန္ဒပြကြတယ်၊ အခု တပ်တွင်းမှာ လုံးဝ လုံခြုံမှု မရှိတော့ဘူး၊ ညဘက်ဆိုရင် သေနတ်သံတွေ ကြားရတာ ငါးရက်လောက် ရှိနေပြီ လို့ ဘီဘီစီကို ပြောပြပါတယ်။

တပ်တွင်းမှာ လုံခြုံမှု မရှိတော့တဲ့ အတွက် သူတို့မိသားစုက မအူပင်ဘက်ကို ပြောင်းရွှေ့ နေထိုင်ကြရကြောင်းနဲ့ သူ့ဖခင်ကတော့ တပ်ထဲမှာ ကျန်ခဲ့ပြီး ဆက်ဆန္ဒပြ နေကြောင်း ပြောပါတယ်။

လွန်ခဲ့တဲ့ ဆယ်ရက်လောက် ကတော့ အထက်ကလာပြီး ညှိနှိုင်းတာလဲ ညှိနှိုင်းလို့ မရကြောင်း၊ အခုတော့ တပ်က ထွက်ပြေးသွားကြသူ ၁၀၀ လောက်ရှိကြောင်း၊ စခန်းမှူးအဆင့် ဗိုလ်မှူးအဆင့်အပါအဝင် ကျန်ရဲဘော်များအားလုံး ဆန္ဒပြပွဲမှာ ပါဝင်ကြကြောင်း ထို ဒုတပ်ကြပ်တစ်ဦးရဲ့သမီးကပဲ ဘီဘီစီကို ပြောပြပါတယ်။

တကယ်တော့ စားဝတ်နေရေးကြပ်တည်းလို့ ဘဏ်မှာ စုထားတဲ့ ငွေတွေ ပြန်ထုတ်ပေးဖို့ တောင်းဆိုတာ ပြန်ထုတ်မပေးတဲ့အတွက် အခုလို တပ်တွင်းမကျေလည်မှု အမိန့်ဖီဆန်မှုတွေ ဖြစ်နေတာပါ။ ဒီလို ဆန္ဒပြတောင်းဆိုမှုတွေဟာ ကြည်း၊ ရေ၊ လေ တပ်အတော်များများမှာ ဖြစ်ပွားနေကြောင်း သိရပါတယ်။