တီမောက မြန်မာ့အရေး သဘောထား မပြောင်းလို့ဆို

  • 21 ဩဂုတ် 2010
nyanwin_horta
Image caption နှစ်နိုင်ငံ ဆက်ဆံရေးတွေ တိုးမြှင့်ဖို့ ဆွေးနွေး၊

အရှေ့တီမောနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းက မကြာခင်လုပ်မယ့် ရွေးကောက်ပွဲ အကြောင်း ရှင်းပြပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက် ဆက်သွယ်ဖို့ အလုပ်သမားဝန်ကြီးကို တာဝန်ပေးထားတယ်ဆိုတဲ့ အကြောင်း ပြောပြခဲ့ပါတယ်လို့ တီမောနိုင်ငံခြားရေး ဝန်ကြီး ဇာကရီးယား ဒါကော့စတာက ဘီဘီစီကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်တော့ ပြန်လွှတ်မယ် ဆိုတာကိုတော့ မပြောသွားဘူး လို့လည်း သိရပါတယ်။

တီမောဖက်ကလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အမြန်ဆုံး ထွန်းကားတာကို တွေ့ချင်တယ်၊ နိုင်ငံရေး ဖြစ်စဉ်မှာ အားလုံး ပါဝင်နိုင်ဖို့ ကိုလည်း မျှော်လင့်တဲ့ အကြောင်း ပြောခဲ့ ပါတယ်လို့ မစ္စတာ ဒါကော့စတာက ပြောပါတယ်။

အရှေ့တီမော သမ္မတ ဟိုဆေး ရာမော့စ်ဟော်တာက သောကြာနေ့က ဦးဉာဏ်ဝင်းကို လက်ခံတွေ့ဆုံပြီး နှစ်နိုင်ငံ စီးပွားရေး အဆက်အဆံ တိုးမြှင့်လိုကြောင်း ပြောခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

သမ္မတ ရာမော့စ်ဟော်တာဟာ အရင်က မြန်မာ့ ဒီမိုကရေစီအရေးကို ပွင့်ပွင့်လင်းလင်း အားပေးခဲ့သူဖြစ်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်းလည်း ပြောထားခဲ့ဖူးသူ ဖြစ်ပါတယ်။

အခုအခြေအနေမှာ အဲဒီလို သဘောထားတွေ ပြောင်းလဲသွားပြီလား ဆိုတော့ နိုင်ငံခြားရေးဝန်ကြီး ဒါကော့စတာကတော့ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အပေါ် စိုးရိမ်ကြောင်း၊ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ လိုကြောင်း၊ ရွေးကောက်ပွဲတွေကိုလည်း လွတ်လပ် မျှတအောင်လုပ်ပေးဖို့ လိုကြောင်း မကြာခင်ကပဲလုပ်ခဲ့တဲ့ အာဆီယံ လုံခြုံရေးဆွေးနွေးပွဲမှာ သူကြေငြာချက် ထုတ်ခဲ့တဲ့ အတိုင်းပဲ ဆက်ရပ်တည်နေပါတယ်လို့ ဘီဘီစီကို ပြောပါတယ်။

မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂအနေနဲ့ စုံးစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်း စစ်ဆေးသွားဖို့ နိုင်ငံတကာမှာ ဖြစ်နေတဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီးတော့ တီမောရဲ့ သဘောထားကို မေးမြန်းတဲ့ အခါမှာတော့ တီမောအနေနဲ့ စောင့်ကြည့်ချင်သေးတယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ဖြေသွားပါတယ်။ တီမောရဲ့ သဘောထားကတော့ အထီးကျန်စွန့်ပစ်ထားရေးကို သဘောမတူပဲ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်ဖို့ဆိုရင် မြန်မာအစိုးရနဲ့ ဆက်ဆံပြောဆိုမှုတွေ ရှိနေဖို့လိုပါတယ်လို့လဲ ပြောသွားပါတယ်။

တီမော နိုင်ငံခြားရေးဝန်ကြီးဟာ မကြာခင် မြန်မာနိုင်ငံကို သွားရောက်ဖို့ အစီအစဉ်ရှိတယ်လို့လည်း သိရပါတယ်။