ရွေးကောက်ပွဲကို ပြည်တွင်းပြည်ပ သပိတ်မှောက်ဖို့ ဆုံးဖြတ်

  • 22 ဩဂုတ် 2010

သြဂုတ်လ ၁၉ ရက်နေ့က NLD ပါတီ ခေါင်းဆောင်လူကြီးတွေ ဆုံးဖြတ်ခဲ့တဲ့ အတိုင်း နိုဝင်ဘာ ၇ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ကမ္ဘာလုံးဆိုင်ရာနဲ့ ပြည်တွင်းက တိုင်းရင်းသားတွေကို စည်းရုံးလှုပ်ရှား သွားမယ်လို့ ပြည်တွင်း ပြည်ပက ဒီမိုကရေစီ အင်အားစုတွေက ဆိုကြပါတယ်။

Image caption ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာ ၇ ရွေးကောက်ပွဲပြီးကာမှ လွတ်လာဖွယ်ရှိ

ဂျပန်နိုင်ငံရောက် ဒီမိုကရေစီအင်အားစုတွေ စုပေါင်းပြီး ဒီကမ္ဘာလုံးဆိုင်ရာသပိတ်မှောက် လှုပ်ရှားမှုအစီအစဉ် Global Action ကို ဂျပန်နိုင်ငံကနေ စတင်လှုပ်ရှားသွားဖို့ ခေါ်ဆို လိုက်တဲ့အကြောင်း ဒီဆုံးဖြတ်ချက်ရရှိအောင် ဦးဆောင်လှုပ်ရှားခဲ့သူ ညီညွတ်သော တိုင်းရင်း သားအဖွဲ့အစည်းများ (ဂျပန်နိုင်ငံ) က ပလောင် တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမိုင်ကျော်ဦးက ပြောပါ တယ်။

``ဂျပန်ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ (အလှည့်ကျ) အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်တယ်၊ အာဏာရပါတီဟာ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာရော မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားဖို့ကိုရော အတော်လေးအားပေးတာ တွေ့ရတယ်`` လို့ ကိုမိုင်ကျော်ဦးက ပြောပါ တယ်။

ကျင်းပမယ့်ရွေးကောက်ပွဲဟာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား တွေ၊ ပါဝင်သင့်ပါဝင်ထိုက်တဲ့သူတွေ မပါဘူးဆိုရင် ဘယ်လိုမှ တရားနည်းလမ်း မကျဘူး၊ တရားမျှတတဲ့ ရွေးကောက်ပွဲလည်း မဖြစ်နိုင်ဘူး၊ အသိအမှတ်ပြုဖို့လည်း ခက်ခဲသွား လိမ့်မယ်လို့ သူက ဆိုပါတယ်။

အဲဒီလို အသိအမှတ်မပြုတဲ့ ရွေးကောက်ပွဲဖြစ်ခဲ့မယ်ဆိုရင်တော့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး က ပြောထားတဲ့ မြန်မာအစိုးရကို ပံ့ပိုးမယ့် ကူညီမှုတွေကို စဉ်းစားမယ် ဆိုတဲ့အတိုင်း ထိရောက်စွာ အရေးယူအပြစ်ပေးနိုင်ဖို့ တိုက်တွန်းတောင်းဆို သွားမယ်လို့ ဆက်ပြောပါ တယ်။

ကမ္ဘာလုံးဆိုင်ရာ သပိတ်မှောက်လှုပ်ရှားမှုလုပ်ဖို့ ခေါ်ဆိုလိုက်ချိန်မှာပဲ ကချင်ပြည်နယ်က မိုးကောင်း၊ မိုးညှင်း၊ ဖားကန့်၊ တနိုင်းနဲ့ မြစ်ကြီးနားမြို့တွေက NLD အဖွဲ့ဝင်တွေကလည်း NLD ဗဟိုက ရွေးကောက်ပွဲ သပိတ်မှောက်တဲ့ ဆုံးဖြတ်ချက်အတိုင်း သပိတ်မှောက်ကြဖို့ ဆုံးဖြတ်လိုက်ပြီး တိုင်းရင်းသား ညီအစ်ကိုတွေကို ဆန္ဒမဲ မပေးဘဲ နေနိုင်တဲ့အကြောင်း စည်းရုံးမှုတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။

ဒီငါးမြို့နယ်က NLD အဖွဲ့ဝင်တွေ တွေ့ဆုံဆွေးနွေးကြပြီး အခုလိုဆုံးဖြတ်ခဲ့ကြတာလို့ ဒီဆုံးဖြတ်ချက်ချခဲ့တဲ့ အဖွဲ့မှာ ပါခဲ့သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။