ပါတီတွေ အမတ်စာရင်းတင်ဖို့ အခက်တွေ့

  • 22 ဩဂုတ် 2010
ဦးသုဝေ
Image caption ဦးသုဝေရဲ့ သတင်းစာ ရှင်းလင်းပွဲ

ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးသုဝေက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကသာ ၂၀၁၀ ရွေးကောက်ပွဲမှာ အမတ် နေရာ အများစုနဲ့ အလွယ်တကူ အနိုင်ရရှိ မယ့် အလားအလာရှိတယ်လို့ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြား လိုက်ပါတယ်။

သူတို့အနေနဲ့ကတော့ အခက်အခဲတွေကြောင့် တနိုင်ငံလုံးမှာ စုစုပေါင်း ကိုယ်စားလှယ် ၁၀၀ လောက်ပဲ အရွေးခံနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

''အဓိက အခက်အခဲကတော့ ငွေရေးကြေးရေး အခက်အခဲနဲ့ အချိန်မလုံလောက်တဲ့ အခက် အခဲ ရှိနေပြီး၊ ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းစာရင်း တင်ဖို့ အခုပဲ ကြေညာတယ်၊ အခုပဲ နှစ်ပတ်အတွင်း တင်ဆိုတော့ကာ ငွေရှာနေတုန်း ကိုယ်စားလှယ် တွေကတော့ ထပ်ပြီးတော့ ရှာဖို့ အလားအလာ မရှိတော့ဘူးပေါ့၊ ဒီတော့ကာ လူ ၁၀၀ လောက်ကတော့ တင်ဖြစ်မှာပေါ့'' လို့ ဦးသုဝေက ဘီဘီစီကို ရှင်းပြပါတယ်။

''ကိုယ်စားလှယ်လောင်းတွေ တင်ရင် မဲဆန္ဒနယ်မှာ မဲထည့်ရမယ့် မဲစာရင်းနံပါတ်ဆိုတာ ရှိတယ်၊ အဲဒါကို ရွေးကောက်ပွဲ ရပ်ကွက်ကော်မရှင်မှာ အရင်သွားတောင်းရတယ်၊ ဒါပေမယ့် အဲဒီရပ်ကွက် ကော်မရှင်မှာ အခုထက်ထိ အဲဒီမဲစာရင်းက မရသေးဘူး၊ အချိန်က တပါတ် လောက်ပဲ ကျန်တော့တယ်၊ ဒီလိုအခက်အခဲတွေကြောင့် ကိုယ်စားလှယ်တွေ လျော့သွားတာ ဖြစ်တယ်'' လို့ ဦးသုဝေက ပြောပါတယ်။

အခုလို အနေအထားဟာ လက်တွေ့အရ ဆိုရင် ရွေးကောက်ပွဲကော်မရှင် ဘက်ကတောင် အဆင်သင့် မဖြစ်သေးပဲ မိမိတို့အပေါ် အတင်း ဖိအားပေးတဲ့သဘော ဖြစ်တယ်လို့လည်း ဦးသုဝေက ဘီဘီစီကို ပြောပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ဒီမိုကရေစီအင်အားစုဆိုတဲ့ပါတီတွေ ပေါင်းလိုက်မယ် ဆိုရင် တောင် ရွေးချယ်ခံမယ့် အမတ်နေရာ တစ်ဝက်မရှိဘူးလို့လည်း ပြောပါတယ်။

ဒါတွေဟာ ဒီမိုကရေစီ အင်အားစုတွေ အခက်အခဲအများကြီးဖြစ်အောင်လုပ်ပြီး သူတို့ဘက် က များများရအောင် စံနစ်တကျစီမံပြီး တမင်လုပ်ထားပုံရကြောင်း ဘီဘီစီကို ပြောပါတယ်။