ပါတီတွေ အခက်အခဲမျိုးစုံကြုံ

  • 23 ဩဂုတ် 2010
ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်ကြေညာ
Image caption ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်ကြေညာ

ရွေးကောက်ပွဲ ဝင်မယ့် နိုင်ငံရေး ပါတီတွေဟာ အချိန်ရော အမတ်လောင်း တဦးချင်းစီအတွက် ငွေ ၅ သိန်းပါ အခက်အခဲနဲ့ကြုံနေကြရတာမို့ ရတဲ့ အရေအတွက် နဲ့ပဲ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေကြရပါတယ်။

ကရင်ပြည်သူ့ပါတီအနေနဲ့ လွှတ်တော် ၃ ရပ်လုံးအတွက် အနည်းဆုံး ၃၄ ယောက်ကိုပဲ ရွေးချယ်ဖို့ ဆုံးဖြတ်ထားကြောင်း ပါတီ ဒုတိယဥက္ကဌ စောအေးကိုက ဘီဘီစီကို ပြောပါတယ်။

သူတို့အနေနဲ့ ဒီကနေ့ ပဲ ညှိနှိုင်းခဲ့ကြောင်း ငွေကြေးကိစ္စမှာတော့ တတ်နိုင်တဲ့သူက ဝိုင်းဝန်းကြမှာဖြစ်ပြီး ရွေးချယ်ခံမယ့် ပုဂ္ဂိုလ်ကလည်း စိုက်ထုတ် ကုန်ကျခံ သွားမှာဖြစ်ကြောင်း စောအေးကိုက ဘီဘီစီကို ပြောပါတယ်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီအနေနဲ့ ကတော့ အမတ်လောင်း ၇၀၀ ကျော် ပါဝင်အရွေးချယ်ခံမှာ ဖြစ်ကြောင်းနဲ့ ငွေကြေးနဲ့ အချိန်ကာလမှာပါ အခက်အခဲ ရှိကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဟန်ရွှေက ဘီဘီစီကိုပြောပါတယ်။

သူတို့ပါတီအနေနဲ့ တိုင်းနဲ့ပြည်နယ် ၁၄ ခုစလုံး ဝင်မှာဖြစ်ကြောင်း ပြည်သူ့လွှတ်တော်မှာ ၂၀၀ နီးပါး ဝင်ဖို့ရှိကြောင်း၊ ၃၀ ရက်နေ့ဝင်အောင် အပြင်းအထန်ကြိုးပမ်းနေကြောင်းနဲ့ တခြား ပြဿနာကတော့ ရက်နည်းတဲ့ အခက်အခဲဖြစ်ကြောင်း၊ ပြည်နယ်တွေမှာ ခရိုင်ရုံးကိုလာရတဲ့အခါ လမ်းပမ်းဆက်သွယ်ရေး အခက်အခဲရှိကြောင်း ဦးဟန်ရွေက ပြောပါတယ်။

အမတ်လောင်း ၇၀၀ ကျော်ဝင်ပြိုင်မှာ ဖြစ်တဲ့အတွက် ငွေ ၅ သိန်းကိစ္စ ထိုက်သင့်တဲ့အခက်အခဲလည်းရှိတဲ့အကြောင်း ဘီဘီစီကို ပြောပါတယ်။

NDF အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ အနေနဲ့ကတော့လူဦးရေ ၁၂၀ လောက်ကိုပဲ ဝင်ရွေးဖို့ ပြင်ဆင်ထားကြောင်း NDF ဥက္ကဌ ဒေါက်တာသန်းငြိမ်းက ဘီဘီစီကို ပြောပါတယ်။

တခြား ပါတီတွေအနေနဲ့လည်း ဒီလို အလားတူ အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတဲ့ အတွက် တနိုင်ငံလုံး အတိုင်းအတာနဲ့ ဝင်ရောက် ယှဉ်ပြိုင်မယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ယှဉ်နိုင်ပါ့မလား ဆိုတာ စိုးရိမ်နေကြရပါတယ်။