ချေးငွေ ပေးပြီး လူတွေကို စည်းရုံး

  • 23 ဩဂုတ် 2010

လာမယ့် နိုဝင်ဘာလ (၇) ရက်နေ့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ပါဝင် ယှဉ်ပြိုင် ကြမယ့် နိုင်ငံရေး ပါတီတွေ အနေနဲ့ ငွေကြေး အခက်အခဲတွေ ရှိနေချိန်မှာ ငွေကြေး အင်အား တောင့်တင်းတဲ့ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကတော့ မြို့နယ် အသီးသီးမှာ ငွေသုံးပြီး စည်းရုံးနေကြတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောကြ ပါတယ်။

Image caption တနိုင်ငံလုံး ဆိုင်းဘုတ်တွေ တင်ပြီး ရွေး ကောက်ပွဲ အတွက် အရှိန်မြှင့် လုပ် ဆောင် နေ

ပဲခူးတိုင်း ပေါင်းတည် မှာ မြို့နယ် အဆင့် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင် တွေက မြို့ အနောက် ဘက်ခြမ်း က ကျေးရွာ တွေကို သွားပြီး လယ်သမား တွေကို ငွေတစ်ရာ နှစ်ကျပ်တိုးနဲ့ ငွေချေးပြီး သူတို့ကို ထောက်ခံမှု ရအောင် စည်းရုံး နေတယ်လို့ လယ်သမားတွေ ပြောပြတာကို ကိုးကားပြီး ဒေသခံ တစ် ယောက်က ဘီဘီစီကို ပြန်ပြော ပါတယ်။

လယ်သမားတွေ အနေနဲ့ အခုလို ငွေကြေး ကြပ်တည်းနေချိန်မှာ ရတဲ့ နေရာကနေ ငွေကို ရအောင် ယူပြီး လုပ်ငန်း ကိုင်ငန်းတွေ ဆောင်ရွက်ကြရတာ ဖြစ်တယ်လို့လည်း သူကပဲ ဆက်ပြော ပါတယ်။

မြို့ပေါ်မှာတော့ ပြီးခဲ့တဲ့ တစ်ပတ်ကျော် လောက်ကပဲ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ မြဦး ကိုယ်တိုင် မြို့သူ မြို့သားတွေကို ကျန်းမာရေး စစ်ဆေးမှု ဆေးဝါး ကုသမှုတွေ လုပ်ခဲ့တယ်လို့ အဲဒီ ဒေသခံကပဲ ပြန်ပြော ပါတယ်။

အဲဒီလို ကုသ ပေးတဲ့ သူတွေ ကိုလည်း သူဟာ ပေါင်းတည် ဇာတိ ဖြစ် တဲ့ အတွက် တရပ်တည်း သားတွေ ကို အခုလို စေတနာ ထား လာရောက် ကူညီပေးတာ ဖြစ်တယ်၊ ပြည်သူ တွေ အနေနဲ့ကလည်း သူ့အပေါ် တုံ့ပြန်ဖို့ ဒေါက်တာ မြဦး က ပြောတယ်လို့ ဆိုပါတယ်။

ပေါင်းတည် မဲဆန္ဒနယ် မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဘက်က ဘယ်သူ ဝင် အရွေးခံမယ်ဆိုတာ ကြေငြာ ထားခြင်း မရှိသေးပေမဲ့ ဒေါက်တာ မြဦးပဲ ဖြစ်လိမ့်မယ် လို့ ဒေသခံတွေက ပြောနေကြ ပါတယ်။