ဗိုလ်ချုပ် ထိန်မောင် အဖွဲ့ နယ်ခြားစောင့်တပ် လက်ခံရန် ခြိမ်းခြောက် ခံရ

  • 24 ဩဂုတ် 2010
gen htein maung
Image caption နအဖ ခြိမ်းခြောက် တာ ကြုံနေရတဲ့ ဗိုလ်ချုပ် ထိန်မောင်

KNU ကနေ ခွဲထွက်သွားတဲ့အဖွဲ့ တဖွဲ့ ဖြစ်တဲ့ ဗိုလ်ချုပ် ထိန်မောင် ဦးစီးတဲ့ KNU-KNLA ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့ ကို နအဖ က နယ်ခြား စောင့်တပ် အဖြစ် အခု သီတင်း တပတ် အတွင်း အသွင်ပြောင်းခိုင်း နေပါတယ်။

စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ် ဗိုလ်ချုပ် ရဲမြင့် အပါအဝင် ဒေသခံ နအဖ စစ်ဗိုလ်ချုပ် တွေက KNU-KNLA ငြိမ်းချမ်းရေး ကောင်စီ ကိုယ်စားလှယ်အဖွဲ့ ကိုခေါ်ယူ တွေ့ဆုံပြီး ဖိအားပေးခြင်း ဖြစ်ကြောင်း၊ ဒီတပတ်အတွင်း မလုပ်ရင် စစ်တပ်တွေနဲ့ လာဝိုင်းမယ့်အကြောင်း၊ KNU-KNLA ငြိမ်းချမ်းရေး ကောင်စီ အခြေစိုက်ရာ နယ်မြေ ကနေလည်း မောင်းထုတ်မယ် လို့ ခြိမ်းခြောက် ပြောဆိုတဲ့အကြောင်း KNU-KNLA ငြိမ်းချမ်းရေး ကောင်စီရဲ့ ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ဦးတင်မသီက ဘီဘီစီ ကို ပြောပါတယ်။

နအဖက KNU-KNLA ငြိမ်းချမ်းရေးကောင်စီကို နယ်ခြားစေါင့်တပ် အဖြစ် အသွင်ပြောင်း ဖို့ အရင်ကလည်း အကြိမ်ကြိမ် ပြောခဲ့ဖူးပေမယ့် အခု တကြိမ်မှာတော့ နအဖ စစ်ဘက် အရာရှိကြီးတွေက အချိန် အကန့်အသတ်နဲ့ ဖိအားပေး လာ တာပါ။

KNU-KNLA ငြိမ်းချမ်းရေး ကောင်စီ အနေနဲ့ အမြဲတမ်းပဲ ကောင်းတဲ့အလုပ်ပဲ လုပ်ခဲ့ ကြောင်း အကယ်၍ သူတို့က စစ်တပ်နဲ့ လာဝိုင်းမယ် ဆိုရင်တော့ ကျနော်တို့ ဘက်က လူထု အတွက်ကော၊ ဒေသအတွက်ကော ခုခံတိုက်ခိုက်ဖို့ အဆင်သင့် ရှိတဲ့ အကြောင်း ဦးတင်မသီ က ဘီဘီစီ ကို ပြောပါတယ်။

၂၀၀၇ ခုနှစ်တုန်းက KNUကနေခွဲထွက်ပြီး နအဖ နဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့တဲ့ KNLA တပ်မဟာ ၇ တပ်မဟာမှူးဟောင်း ဗိုလ်ချုပ်ထိန်မောင်ဟာ KNU-KNLA ငြိမ်းချမ်းရေး ကောင်စီ ကို ဦးဆောင်ဖွဲ့ပြီး ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ထော့ခိုကိုး ရွာမှာ အခြေစိုက် နေတာပါ။

KNU-KNLA ငြိမ်းချမ်းရေး ကောင်စီမှာ အဖွဲ့ဝင် ၁၀၀၀ လောက် ရှိတယ် လို့ သိရ ပါတယ်။