အကြပ်တွေ့နေတဲ့ KIO လက်နက်လမ်းစဉ် မစွန့်

  • 24 ဩဂုတ် 2010
Kachin soldiers
Image caption နအဖနဲ့ ငြိမ်းချမ်းရေး ယူထားတဲ့ ကချင် တပ်ဖွဲ့များ

နအဖရဲ့ နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းဖို့ ဖိအားပေး ခံနေရတဲ့ ကေအိုင်အိုက နိုင်ငံရေး လမ်းစဉ်ကို စဉ်းစားထားသလို လက်နက်ကိုင် လမ်းစဉ်ကိုလည်း ဆက်ကိုင်ထားဖို့ စဉ်းစားနေရတယ်လို့ လေ့လာသူတွေက သုံးသပ်နေပါတယ်။

ကေအိုင်အို အနေနဲ့ စစ်အစိုးရ အဆိုပြုထားသလို လက်နက်အပ်ပြီး မြေပေါ် နိုင်ငံရေးလုပ်မဲ့ လမ်းနဲ့ လက်နက်ကိုင် လမ်းစဉ် တခုခုကို ရွေးရမဲ့ အချိန် ရောက်နေပြီလို့ ကချင် သတင်းဌာနက ကိုနော်ဒင်က ဘီဘီစီက ဆက်သွယ် မေးမြန်းရာမှာ ပြောပြခဲ့ပါတယ်။

ကေအိုင်အိုဟာ ရွေးကောက်ပွဲ မတိုင်ခင်မှာ နအဖနဲ့ နှစ်ဘက် ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်မယ်လို့ အစောပိုင်းက မျှော်လင့်ခဲ့ပေမယ့် စစ်အစိုးရက နယ်ခြားစောင့်တပ် အဖြစ် ပြောင်းပစ်တာကို လက်ခံဖို့ အဆိုပြုလာခဲ့ပါတယ်။

ကေအိုင်အိုက ဒီအဆိုပြုချက်ကို လက်မခံကြောင်း အကြိမ်ကြိမ် ရှင်းရှင်းလင်းလင်း အကြောင်းပြန်ခဲ့ပါတယ်။

ကေအိုင်အို အနေနဲ့ လက်နက်ကိုင် လမ်းစဉ်ကလည်း လိုအပ်သေးတယ် ဆိုတာကို လက်ခံထားတယ်လို့ နားလည်ကြောင်း ကိုနော်ဒင်က ပြောပါတယ်။

တဘက်မှာ ခုချိန်ထိ ကေအိုင်အိုထဲမှာ မြေပေါ် နိုင်ငံရေး လမ်းကြောင်းအတိုင်း ဆက်သွားချင်သူတွေ ရှိသလို နိုင်ငံရေးရော လက်နက်ကိုင်လမ်းကိုပါ တပြိုင်တည်း လုပ်ဖို့ လက်ခံထားသူတွေပါ ရှိနေတယ်လို့ ဆိုပါတယ်။

နအဖရဲ့ ၂၀၀၈ အခြေခံ ဥပဒေအရ သူတို့နဲ့ ငြိမ်းချမ်းရေး ယူထားတဲ့ အဖွဲ့တွေ အနေနဲ့ လက်နက်စွန့်ရမှာ ဖြစ်ပါတယ်။

အဲဒိအခါ ကေအိုင်အို အပါအဝင် နယ်ခြားစောင့်တပ် အဖြစ် အသွင် မပြောင်းတဲ့ ငြိမ်းချမ်းရေး အဖွဲ့တွေ အနေနဲ့ မတရားအသင်း ကြေညာခံလာရနိုင်ပြီး အဲဒိအခါ အရင်ကလို ပြည်တွင်းစစ် ပြန်ဖြစ်လာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

ကချင်လူထုက နအဖနဲ့ စေ့စပ် ငြိမ်းချမ်းရေး ယူတာကို လက်မခံတဲ့ သဘောမျိုးရှိပြီး ကေအိုင်အိုဟာ ကချင်လူထုရဲ့ အကြံပေးချက်ကို အဲဒိကတည်းက လစ်လျုရှုခဲ့တယ်လို့ ကိုနော်ဒင်က ပြောပါတယ်။

ခုလို အချိန်မှာ အရင်က ပုံစံအတိုင်း ဆက်လစ်လျုရှုမယ်ဆိုရင် ကေအိုင်အို အနာဂတ်ဟာ ကောင်းမဲ့ အလားအလာ မရှိဘူးလို့ ကိုနော်ဒင်က ထင်မြင်ချက် ပေးပါတယ်။