သီတဂူဆရာတော်ဦးဉာဏိဿရ ကို လျှောက်ထားခန်း

  • 24 ဩဂုတ် 2010
sitagu_sayadaw
Image caption သီတဂူဆရာတော် အရှင်ဦးဉာဏိဿရ

သီတဂူဆရာတော် အရှင်ဦးဉာဏိသရ ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်နေ့က အင်းစိန်ထောင်ကို ကြွယင်း အကျဉ်းသား ၉၇ဝဝ ကျော်ကို တရားပြတဲ့ အပြင်၊ မနက်စာ ညစာ အလှူဒါန၊ လူသုံးကုန်ပစ္စည်းတွေပါ ဝေငှခဲ့ပါတယ်။

ဆရာတော်ဟာ အခုလို ကိုယ်တော်တိုင် ကြွယင်း၊ တရားဟောခဲ့ အပြီး ရက်ပိုင်း အတွင်းမှာပဲ အကျဉ်းသား ၃ဝဝ လွှတ်ပေးမယ် ဆိုတဲ့ သတင်းထွက်လာပြီး၊ ကနေ့ သြဂုတ်လ ၂၄ ရက်နေ့မှာ အကျဉ်းသား ၁၂ဝ ကျော် လွတ်လာခဲ့ပါတယ်။

ဒီသတင်းကို အခြေခံပြီး ဆရာတော်ဘုရား ကို လျှောက်ထားမေးမြန်းရာမှာ၊ မေတ္တာ အခါတော်နေ့ ရောက်တိုင်း၊ ဒုက္ခရောက်သူတွေ ကို ကရုဏာ နှလုံးသားရှိတဲ့ လူတိုင်းဟာ ဒုက္ခမှ လွတ်မြောက်အောင်၊ ဆောင်ရွက်ပေးသင့်တယ် ဆိုတဲ့ ဗုဒ္ဓရဲ့ တရားတော်ကို ကျယ်ကျယ် ပြန့်ပြန့်၊ လေးလေးနက်နက် ဟောခဲ့တဲ့အကြောင်း၊ အဲဒီအတွက် အကျိုးသက်ရောက်မှု ရှိတယ်ဆိုရင် ဝမ်းမြောက်ရတဲ့ အကြောင်း ဘီဘီစီ ကို မိန့်ဆိုခဲ့ပါတယ်။

အကျဉ်းသားတွေရဲ့ အခြေအနေ ကို လျှောက်ထားရာမှာတော့ အင်းစိန်ထောင်ဟာ လွန်ခဲ့တဲ့ ၅ နှစ်ကလို လှောင်အိမ်နဲ့ မတူတော့ပဲ စာသင်ခန်း၊ တရားအားထုတ်တဲ့ အခန်း၊ ဆေးခန်း စတာတွေ ရှိနေပြီ လို့ ဆရာတော်က အမိန့်ရှိပါတယ်။

အခြားအကျဉ်းထောင်တွေကို ရော၊ ဉပမာ ဝေးလံတဲ့ အရပ်မှာရှိတဲ့ မြစ်ကြီးနား၊ ပူတာအို ထောင်တွေဖက် ကြွရောက် တရားပြဖို့ အစီအစဉ် အကြောင်း၊ လျှောက်ထားရာမှာ စီစဉ် စဉ်စား နေတဲ့ အကြောင်း၊ ဆရာတော် အရှင်ဦးဉာဏိသရ က ဘီဘီစီ ကို မိန့်ဆို ရှင်းပြခဲ့ပါတယ်။