စစ်ရာဇဝတ်မှုတွေကို စစ်ဆေးရာမှာ အချိန်ကာလ ကန့်သတ်ချက်မရှိ

  • 24 ဩဂုတ် 2010
Image caption မြန်မာစစ်ဗိုလ်ချုပ်တွေ စစ်ရာဇဝတ်မှု ကျူးလွန်သလား

မြန်မာစစ်အစိုးရအပေါ် စစ်ရာဇဝတ်မှု လူမဆန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခြင်းရှိ၊မရှိ ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့ စစ်ဆေးဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က အဆိုပြုထားတဲ့ အပေါ် ထောက်ခံသံ ဝေဖန်သံ တွေ ကြားလာနေရပါတယ်။

မြန်မာစစ်အစိုးရ အပေါ် စစ်ရာဇဝတ်နဲ့ လူမဆန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခြင်းရှိ ၊ မရှိ ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ စစ်မယ်ဆိုရင် အချိန်ကာလ ကန့်သတ်မှု ရှိသလား၊ ဆိုတာနဲ့ပတ်သက်လို့ ဥပဒေပညာရှင် ဦးအောင်ထူးက တကမ္ဘာလုံးမှာ ကျင့်သုံးနေတဲ့ ဥပဒေအခြေခံမူအရ ပြစ်မှုတွေနဲ့ပတ်သက်ရင် အချိန်ကာလ ကန့်သတ်ချက်မရှိဘူးလို့ ပြောပါတယ်။

ဘယ်ကာလကဖြစ်ခဲ့ဖြစ်ခဲ့ သက်သေအထောက်အထား ထင်ရှားရင် စစ်ဆေးခွင့်ရှိတယ်လို့ ဆိုပါတယ်။

တကယ်လို့ အဲဒီလိုစစ်ဆေးမယ်ဆိုရင် ၁၉၇၄ နောက်ပိုင်း ပြစ်မှုတွေ အတွက် ၁၉၇၄ ဖွဲ့စည်းပုံအရ မဆလ အစိုးရလက်အောက်မှာ ကာကွယ်ရေးဦးစီးချုပ် ရှိနေတာကြောင့် စစ်တပ်ရဲ့ လုပ်ရပ်အတွက် အစိုးရမှာသာ တာဝန်ရှိတယ် လို့ ပြောပါတယ်။

ဒါပေမယ့် ၁၉၈၈ နောက်ပိုင်းမှာ စစ်တပ်က အာဏာသိမ်းပြီး အုပ်ချုပ်လာတဲ့အတွက် ဒီလို ပြစ်မှုတွေအတွက် စစ်တပ်မှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ မီဒီယာတွေမှာ ဖေါ်ပြနေတဲ့ ၁၉၉၈ ခုနှစ်က မြန်မာနိုင်ငံတောင်ပိုင်း ပင်လယ်ပြင်က ခရစ္စတီးကျွန်းမှာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့ အမိန့်နဲ့ စစ်တပ်က အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ကိစ္စဟာ စံနစ်တကျ စီစဉ်ပြီး လုပ်တာဖြစ်လို့ Crime against Humanity လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှု မြောက်တယ်လို့ ဦးအောင်ထူးက ပြောပါတယ်။