ကရင် ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာပွဲ မဲဆောက်မှာ စည်ကားစွာ ကျင်းပ

  • 25 ဩဂုတ် 2010
karen_culture
Image caption မဲဆောက် က ချည်ဖြူဖွဲ့ မင်္ဂလာ

နှစ်စဉ် ဝါ‌ခေါင် လပြည့်နေ့ ဟာ ကရင် လူမျိုးများရဲ့ ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာပွဲနေ့ ဖြစ်ပြီး ဗုဒ္ဓဟူးနေ့ က ချည်ဖြူဖွဲ့ မင်္ဂလာပွဲ တခု ကို ထိုင်းနိုင်ငံ မဲဆောက်မြို့ တောရ ကျောင်း မှာ စည်စည် ကားကား ကျင်းပခဲ့ ပါတယ်။

ဒီနှစ် အဲဒီမှာ ကျင်းပတဲ့ ကရင် ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲဟာ အရင်နှစ်တွေက ထက် ပိုပြီး စည်ကား တာတွေ့ရ ပြီး ကရင် လူငယ်တွေ ၁၀၀ ကျော် ပါဝင် ဆင်နွဲ ကြ ပါတယ်။

လူတွေ ဟာ တောရကျောင်း အဝင်ပေါက် က နေပြီး လူအုပ်ကို တိုးခွေ့ ပြီးမှ ကျောင်းဝန်း ထဲကို ရောက်အောင် သွားကြ ရ ပါတယ်။

ကျောင်းဝန်းထဲမှာ ဈေးတန်းကြီးနဲ့ ဖျော်ဖြေရေး စင်မြင့်ရှေ့ မှာလည်း လူအုပ်ကြီးကို တွေ့ နိုင်ပါတယ်။

ဖျော်ဖြေရေး စင်မြင့် နဲ့ ဈေးတန်းဝန်းကျင်မှာ ကရင်အမျိုးသား အမျိုးသမီးတွေ က တယောက်ရဲ့ လက်ကောက် ဝတ် ကို တယောက်က ချည်ဖြူခြည် နဲ့ ခြည်ပေးရင်း ပျော်မြူး နေတာ ကို တွေ့ရ ပါတယ်။

“ခါတိုင်းနှစ်မှာလာတဲ့လူဦးရေ နဲ့ ဒီနှစ်မှာလာတဲ့လူဦးရေ နဲ့ က အင်မတန်မှ ကွာပါတယ်၊ ဒါကတော့ မိမိရဲ့ ကရင်ရိုးရာ ဓလေ့ ထုံးတမ်းစဉ်လာတွေကို မြန်မာပြည်မှာ လုပ်ပိုင်ခွင့် မပေးတော့တဲ့ အခါ ကျတော့ အဲဒီဘက် လာကြတာ အရင်နှစ်ကထက် ပိုပြီးတော့ များလာ တဲ့ အတွက် ကျနော် တို့ ကျင်းပတဲ့ပွဲ ဟာ တကယ့်ကို စည်စည် ကားကား နဲ့ ကျိတ်ကျိတ် တိုးနေပါတယ်” လို့ ပွဲတော် ကျင်းပရေး ကော်မတီဝင် စေါမွန်ရှေးက ဘီဘီစီ ကို ပြောပြသွား ပါတယ်။

ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာပွဲဟာ ကရင်လူမျိုးတွေကြား မိစ္ဆာကောင် က သွေးကွဲအောင် မလုပ်နိုင်ဖို့ တစ်ဦးကို တစ်ဦး မှတ်မိနိုင်ဖို့ အတွက် ချည်ဖြူ ချည်နီတွေ နဲ့ လက်ကောက် ဝတ်မှာ အမှတ်သညာ သဘော ချည်ပေးကြတဲ့ ပွဲ ဖြစ်ပါတယ်။

စည်းလုံး ညီညွတ်ရေး သဘောဆောင် တဲ့ ဒီပွဲတော် ဟာ ကရင်လူမျိုးတွေ အတွက် အရေးကြီးတဲ့ ပွဲတော် ဖြစ်ပါတယ်။