UDP က ကိုယ်စားလှယ်လောင်း ၃ ဦးသာ ဝင်ပြိုင်ဖို့ ဆုံးဖြတ်

  • 26 ဩဂုတ် 2010
Image caption ပြည်ထောင်စုဒီမိုကရေစီပါတီက အရှုံးပေးတာမဟုတ်

ရွေးကောက်ပွဲကော်မရှင်ကို ပါတီအင်အား တင်ပြထားပြီးဖြစ်တဲ့ UDP ပြည်ထောင်စုဒီမိုကရေစီပါတီက ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၃ ယောက်ပဲ ဝင်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

ပါတီဥက္ကဌ ဦးသိန်းဌေးက ပဲခူးမြို့နယ်၊ ဦးသိန်းတင်အောင်က တာမွေမြို့နယ်၊ ဦးဌေးက လှိုင်သာယာမြို့နယ်တွေမှာ အသီးသီး ဝင်ရောက်အရွေးခံကြမယ်လို့

UDP ပါတီဥက္ကဌ ဦးသိန်းဌေးက ဘီဘီစီကို ပြောပါတယ်။

ဒီလို ၃ ယောက်ပဲ ဝင်ပြိုင်ဖို့ ဆုံးဖြတ်တာဟာ ပါတီရှင်သန်ရေးအတွက် ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။

UDP ပါတီအနေနဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ထုတ်ပြန်တဲ့နည်းဥပဒေတွေ အပေါ် သံသယဖြစ်မှုတွေရှိခဲ့တယ်၊ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ကြေညာချက်တွေ အပေါ်မှာကြည့်တော့လည်း တရားမျှတတဲ့ နည်းလမ်း မဖြစ်နိုင်တော့ဘူးလို့ မြင်ခဲ့တယ်၊ ပါတီတည်ထောင်စဉ် ကတည်းကလည်း တရားမျှတတဲ့ အခြေအနေတွေ ဖြစ်လာနိုင်စရာ မရှိဘူးဆိုတာကို သိခဲ့တယ်လို့ ဦးသိန်းဌေးက ပြောပါတယ်။

ပြည်သူဘက်ကရပ်တည်တဲ့ ဒီမိုကရေစီအင်အားစုတွေဟာ ရွေးကောက်ပွဲမှာ အများစုအင်အားတခုဖြစ်လာစေရေးကို ရည်ရွယ်ပြီး ပါတီထောင်ပြီး ရွေးကောက်ပွဲ ဝင်တာဖြစ်ပေမယ့် အခု အခြေအနေအရ ကိုယ်စားလှယ်လောင်း ၃ ယောက်ပဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဟာ လက်ရှိအနေအရ ပါတီအနေနဲ့ လုပ်နိုင်ခြေနဲ့ လုပ်သင့်တဲ့ အလုပ်ကို လုပ်ခဲ့ခြင်းသာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အစိုးရ ချမှတ်ထားတဲ့ တရားမျှတမှုမရှိတာတွေကို ငြိမ်ခံနေတဲ့သဘောမဟုတ်သလို လက်မြှောက်အရှုံးပေးတဲ့သဘောလည်း မဟုတ်ဘူးလို့ UDP ပါတီဥက္ကဌ ဦးသိန်းဌေးက ဘီဘီစီကို ပြောဆိုသွားခဲ့ပါတယ်။