ဦးခင်မောင်ဆွေ ရွေးကောက်ပွဲ မဝင်တော့

  • 26 ဩဂုတ် 2010

ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ဝင်ချင်ရင် နောက်တစ်ကြိမ် စာတင်ပါ လို့ ပြောဆိုခံခဲ့ရပြီးနောက်မှာ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက လာမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခြင်း မပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Image caption နောက်ဆုံးအဆင့်အထိ ရွေးကောက်ပွဲ ဝင်သွားမယ်လို့ဆိုတဲ့ ဦးခင်မောင်ဆွေ

``ကျွန်တော် ခေါင်းလျှိုပြီး ဝင်ပါရစေဆိုပြီး ထပ်ပြီး တောင်းပန်လို့ ရှိရင် ဒါ ပါတီ သိက္ခာ ကျသွားမှာ၊ ဝိုင်းပြီး လက်ညှိုး ထိုးတော့မှာပေါ့၊ ကြည့်ပါလား ခေါင်းဆောင် လုပ်တဲ့ ဦးခင်မောင်ဆွေက ရွေးကောက်ပွဲ ဝင်ရဖို့ကို တောင်းပန် တိုးလျှိုးပြီးတော့ကာ ခခယယနဲ့ လျှောက်ပြီး မရမက တောင်းပန် နေတယ်။ တကယ်လို့ အထက်က ချသာ မပေးဘူးဆိုရင် သွားပြီပေါ့ဗျာ၊ နိုင်ငံရေး သိက္ခာ၊ ပါတီမှာပါ ထိခိုက်ပြီ`` လို့ ဦးခင်မောင်ဆွေက ဘီဘီစီကို ပြောပါတယ်။

ဦးခင်မောင်ဆွေက သူတစ်ယောက်တည်း ရွေးကောက်ပွဲ မဝင်လည်း ဘာမှ မဖြစ်ဘူး၊ ပါတီခေါင်းဆောင်အဖြစ် ဆက်ရှိသွားမယ်လို့လည်း ဆက်ပြောပါတယ်။

အခုလို စာတင်ခိုင်းတဲ့ ကန့်သတ်မှုတွေအပြင် ရွေးကောက်ပွဲ မတိုင်ခင် ဘယ်လို အခက်အခဲ အတားအဆီး တွေမဆို ကြုံတွေ့လာလည်း ကျော်လွှားပြီး ရွေးကောက်ပွဲကို နောက်ဆုံး အဆင့်အထိ ဝင်သွားမယ်လို့ သူက ပြောပါတယ်။

ရွေးကောက်ပွဲဝင်ပြီးမှ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ရအောင်၊ စီးပွားရေးတွေ မြေညီကွင်း ဖြစ်သွားအောင်၊ လက်ဝါးကြီး အုပ်တဲ့ စီးပွားရေးတွေ မရှိအောင် လွှတ်တော်ထဲကပဲ ဥပဒေပြု အာဏာနဲ့ ကိုင်တွယ် ဖြေရှင်းရမယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။

အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေဟာ မမျှတဘူးဆိုတာ သူသိတယ်၊ မီဒီယာတွေကနေလည်း အမြဲပြောပါတယ်၊ ဒါပေမဲ့ ချီလီနဲ့ တောင်ကိုရီးယား နိုင်ငံတွေလည်း ဒီလိုပဲ ဒီမိုကရေစီ စနစ်ကို သွားနိုင်ခဲ့တာပဲလို့ ဦးခင်မောင်ဆွေက ထောက်ပြပါတယ်။

NDF ပါတီကနေ ရွေးကောက်ပွဲ မဝင်တာဟာ ဦးခင်မောင်ဆွေ တစ်ယောက်ထဲ ဖြစ်ပြီး အနည်းဆုံး ပါတီကိုယ်စားပြုသူ အမတ်လောင်း ၁၃၀ လောက် ရွေးကောက်ပွဲ ဝင်နိုင်မယ်လို့ ဦးခင်မောင်ဆွေက ဘီဘီစီကို ပြောပါတယ်။