ဝ ဒေသကို တပ်စေလွှတ်မှာ သဘော မတူ

  • 26 ဩဂုတ် 2010

မြန်မာ အစိုးရရဲ့ စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်က UWSA ဝ ပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့ကို နယ်ခြားစောင့်တပ် အဖြစ် အသွင် ကူး ပြောင်းရေး အစီအစဉ်တွေ ရပ်ဆိုင်း လိုက်ပြီလို့ ပြောပါတယ်။

Image caption ဝ တပ်သားများ

UWSA အဖွဲ့ က ဗဟို နိုင်ငံရေး အတိုင်ပင်ခံ ဥက္ကဌ ဦးဘော်လခမ်း၊ နိုင်ငံခြား ရေးဌာန ဌာနကြီးမှူး ဦးညီကျော်၊ လယ်ယာ ဌာနက ဦးဘောင်တိန်းနဲ့ တရားရေးက ဦးထွန်းဝေ စတဲ့ ခေါင်းဆောင် လေးယောက်ကို ပြီးခဲ့တဲ့ (၂၀) ရက်နေ့က ပန်ဆန်း မြို့မှာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြတုန်း ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်က အဲဒီလို ပြောခဲ့တာပါ။

ဒါ့အပြင် လာမယ့် စက်တင်ဘာ (၁)ရက်နေ့မှာ မြန်မာ စစ်တပ်နဲ့ ရွေးကောက်ပွဲ ကော်မရှင်ကို ဝဒေသ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ထားတဲ့ မြို့နယ် လေးမြို့နယ်ထဲ စေလွှတ်မယ် လို့လည်း ပြောသွားတဲ့ အကြောင်း UWSA အဖွဲ့ တာဝန်ရှိသူ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

မကြာသေးခင်ကပဲ ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်မြေတွေ ထုတ်ပြန်ခဲ့ရာမှာ ရွေးကောက်ပွဲ ကော်မရှင်က ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း အတွင်းမှာ ရှိတဲ့ ခြောက်မြို့နယ်ကို မဲဆန္ဒ နယ်မြေတွေ အဖြစ် သတ်မှတ် ခဲ့ပါတယ်။ အဲဒီထဲက မက်မန်းနဲ့ ဟိုပန် တို့မှာ ရွေးကောက်ပွဲ အတွက် အစီအစဉ်တွေ လုပ်ဆောင်နိုင်နေပြီ ဖြစ်ပြီး ကျန်တဲ့ လေးမြို့နယ်မှာ မလုပ်နိုင်သေးတဲ့ အတွက် လာရောက် ပြင်ဆင်တဲ့ အခါမှာ လုံခြုံရေး အဖွဲ့တွေ လိုက်ပါ လာမှာ ဖြစ်တယ်လို့ UWSA အရာရှိက ပြောပါတယ်။

UWSA ဘက်က တော့ ဒီ အဆိုပြုချက်ကို လက်ခံနိုင် စရာ မမြင်ဘူးလို့ အဲဒီ အရာရှိက ပြောပါတယ်။

ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရထားတဲ့ ဝ ဒေသ မှာ ရွေးကောက်ပွဲ ကော်မရှင် ရဲ့ လုံခြုံရေး ကို UWSA ဘက်က တာဝန်ယူနိုင်တာကြောင့် မြန်မာ စစ်တပ်ကို စေလွှတ်စရာ မလိုဘူးလို့ ဝ အရာရှိက ပြောပါတယ်။

တကယ်လို့သာ မြန်မာ အစိုးရ ဘက်က တပ်တွေကို အတင်း စေလွှတ်လာမယ် ဆိုရင် ဝ ဘက်က အတတ်နိုင်ဆုံး တားမြစ်သွားမယ်လို့ လည်း ဆိုပါတယ်။

အခု လောလောဆယ်မှာတော့ UWSA ခေါင်းဆောင်တွေ ညှိနှိုင်း ဆွေးနွေး နေကြပြီး မကြာခင်မှာ မြန်မာ အစိုးရ ဘက်ကို အကြောင်းပြန် မယ်လို့ UWSA အရာရှိက ပြော ပါတယ်။