တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖိအားပေးခံရ

  • 27 ဩဂုတ် 2010
KIA soldiers
Image caption KIA တပ်မှ ဗိုလ်လောင်းများ

KIO ကချင်လွတ်လပ်ရေးအဖွဲ့ရဲ့ ရှေ့ရေးကို ဆွေးနွေးကြတဲ့ ပထမဆုံးပါတီ ကွန်ဂရက်ကို KIO ဌာနချုပ် လိုင်ဇာမှာ သောကြာနေ့က စတင်ပြီး ကျင်းပနေပါတယ်။

ဒီကွန်ဂရက်မှာ နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းရေး စစ်အစိုးရက တောင်းဆိုထားတဲ့ စက်တင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထား ပြန်ကြားရမယ် ဆိုတဲ့ကိစ္စကိုလည်း ပါဝင်ဆွေးနွေးမှာ ဖြစ်တယ်လို့ KIO ဗဟိုကော်မတီရဲ့ တွဲဘက်အတွင်းရေးမှူး ဦးဆင်ဝါးက ပြောပါတယ်။

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး လက်ခံရေး လက်မခံရေး ကြိုတင် ဆုံးဖြတ်ထားချက်တော့ မရှိသေးကြောင်း၊ ဒါပေမယ့်လည်း ဒီကွန်ဂရက် ပြီးတဲ့အခါ အဖြေ တိတိကျကျ ထွက်လာမှာဖြစ်ကြောင်း ဦးဆင်ဝါးက ဘီဘီစီကို ပြောပါတယ်။

နအဖက ဖြစ်စေချင်တဲ့အပိုင်းနဲ့ ဆန့်ကျင်တဲ့ သဘောသက်ရောက်တဲ့ ဆုံးဖြတ်ချက်ကို ကွန်ဂရက်က ချမှတ်ခဲ့ရင် ဘယ်လို ဆက်လက် ဆောင်ရွက် ကြမလဲ ဆိုတဲ့ အချက်ကို ကြိုတင်ပြီး ပြောလို့ မရနိုင်သေးကြောင်း ကိုလည်း ဦးဆင်ဝါးက ပြောပါတယ်။

နယ်ခြားစောင့်တပ်ကိစ္စ လက်ခံ မခံ စက်တင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထား အကြောင်းပြန်ပေးဖို့ အရှေ့တောင်တိုင်းစစ်ဌါနချုပ် တိုင်းမှုးက မွန်ပြည်သစ်ပါတီ ကိုလည်း ခေါ်ယူ ပြောဆိုခဲ့ပါတယ်။

နယ်ခြားစောင့်တပ်ကိစ္စ အပြင် လာမယ့်ရွေးကောက်ပွဲကိုလည်း အနှောင့်အယှက် မပေးရဘူးဆိုပြီးတော့ ပြောလိုက်တယ်လို့ သိရပါတယ်။

တကယ်လို့ နယ်ခြားစောင့်တပ်ကိစ္စ လက်မခံဘူး ဆိုရင်တော့ အပစ်အခတ်ရပ်စဲရေး မလုပ်ခင်က အခြေအနေကို ပြန်ရောက်သွားနိုင်တယ်လို့ တိုင်းမှူးက ပြောလိုက်တဲ့အကြောင်း၊ မွန်ပြည်သစ်ပါတီအနေနဲ့ကတော့ အဲဒီ ၁ ရက်နေ့ မှာတော့ အကောင်းပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့ ပြန်လည် ပြောဆိုခဲ့တဲ့ အကြောင်း ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်ချေးမွန်က ဘီဘီစီကိုပြောပါတယ်။

မွန်ပြည်သစ်ပါတီကတော့ နယ်ခြားစောင့်တပ် အဖြစ် အသွင်မပြောင်းဘူးဆိုတဲ့ သူတို့ရဲ့ ရပ်တည်ချက်အတိုင်းပဲ ဆက်သွားဖို့ရှိတယ်လို့ နိုင်ချေးမွန်က ပြောသွားပါတယ်။