NDF ပါတီမှ ဦးစိန်လှဦး ရွေးကောက်ပွဲမဝင်ဖို့ဆုံးဖြတ်

  • 27 ဩဂုတ် 2010
NDF top leaders
Image caption အမျိုးသားဒီမိုကရေစီအင်အားစု ခေါင်းဆောင်ပိုင်း

အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ခေါင်းဆောင်ပိုင်း ၄ ဦးဖြစ်တဲ့ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဦးသာဆိုင်တို့ဟာ လာမယ့် နိုဝင်္ဘာလ ရ ရက် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်တော့ဘူးလို့ ပြောဆိုအပြီးမှာ အခုတခါ ဦးစိန်လှဦး ကပါ ရွေးကောက်ပွဲ မဝင်တော့ဘူးလို့ ဘီဘီစီ ကိုပြောပါတယ်။

ကိုယ်ရေးကိုယ်တာ ကိစ္စလို့ ဦးစိန်လှဦး ကပြောပေမဲ့၊ ပြီးခဲ့တဲ့ည ကပင်၊ ရွေးကောက်ပွဲ ကော်မရှင်မှ အရာရှိ တွေနဲ့အတူ ထောက်လှမ်းရေး အရာရှိပါ ပါဝင်ပြီး၊ ရန်ကုန်ရွေးကောက်ပွဲ ကော်မရှင်ရုံးကို လိုက်ခဲ့ဖို့ ခေါ်တဲ့ အကြောင်း၊ ဒီအခါမှာ မိသားစုဝင် တွေရော၊ အိမ်နီးချင်း တွေပါ၊ အရင်လို လာဖမ်းပြန်ပြီလား လို့ စိုးရိမ်မကင်း ဖြစ်ရပုံတွေ ရှင်းပြပါတယ်။

လာခေါ်ရခြင်း အကြောင်းရင်းက ရွေးကောက်ပွဲ အတွက် ကိုယ်စားလှယ်လောင်းအဖြစ် လက်ခံလိုက်တဲ့ အကြောင်းကိုပြောတဲ့ အတွက် ဒီကိစ္စဟာ တယ်လီဖုန်း နဲ့ ပြောလို့ရတဲ့ အကြောင်း ဦးစိန်လှဦး ကပြောပါတယ်။ ဒါပေမဲ့ ဦးစိန်လှဦးကတော့ ရွေးကောက်ပွဲ ကို မဝင်တော့ဘူးလို့ ဆုံးဖြတ်ပြီး ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်အရာရှိ ကို ပြောလိုက်ပါတယ်။

ဒါပေမဲ့ NDF ပါတီ ကိုတော့ ဆက်လက်ပံ့ပိုး သွားမယ်လို့ ရှင်းပြယင်း၊ ရန်ကုန်တိုင်း ကနေ ဝင်ရောက်အရွေးခံမဲ့ ကိုယ်စားလှယ် စါရင်းပင် အသင့်ရှိနေပြီ ဖြစ်ကြောင်း ဘီဘီစီ ကို ပြောပြပါတယ်။

NDF ပါတီ ထိပ်ပိုင်း ပါတီဝင် ဦးတင်အောင်အောင် ကတော့၊ ပါတီခေါင်းဆောင်ပိုင်း တွေက ရွေးကောက်ပွဲ မဝင်ဖို့ ဆုံးဖြတ်လိုက်ကြတဲ့ အတွက် သူ့အနေနဲ့ အထက်မြန်မာပြည်မှ ကိုယ်စားလှယ်လောင်းလူသစ်တွေကို မဲဆန္ဒရှင် တွေနဲ့ မိတ်ဆက် ပေးဖို့၊ မဲဆွယ်ဖို့ လိုသေးလို့ သူ့အနေ နဲ့ ရွေးကောက်ပွဲ ဝင်ဖို့ ဆုံးဖြတ်ကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။