အမတ်လောင်းတွေ မှတ်ပုံတင်ဖို့ အခက်ကြုံ

  • 27 ဩဂုတ် 2010

ရွေးကောက်ပွဲဝင်မယ့် အမတ်လောင်းတွေ လျှောက်လွှာတင်တဲ့အခါ အခက်အခဲတွေရှိနေလို့ ကြန့်ကြာမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ အထူးသဖြင့် ရန်ကုန်တိုင်းအတွင်း ခရိုင်ကော်မရှင် ရုံးတွေမှာ လူတွေဟာ တန်းစီပြီး စောင့်ကြရပါတယ်။

Image caption ကြံ့ခိုင်ရေးပါတီမှာလည်း အမတ်လောင်း ရွေးဖို့ အခက်အခဲရှိ။

အဆိုးဝါးဆုံး အခက်အခဲကတော့ ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်မယ့် သူတွေဟာ မဲပေးပိုင်ခွင့် နာမည်စာရင်း နံပါတ်တွေကို ကိုယ်နေတဲ့ ရပ်ကွက် ကော်မရှင်ရုံးမှာ သွားတောင်းတဲ့အခါ စာရင်းပြုစုပြီး အဆင်သင့်မရှိသေးတဲ့အတွက် နောက်ဆုံးမှာ ကော်မရှင်ရုံးက ချွင်းချက်အနေနဲ့ လက်ခံထား လိုက်ရတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းမှာလည်း တစ်ရက်ထဲနဲ့ လျှောက်လွှာတင်လို့ မပြီးနိုင်လောက်အောင် ကြန့်ကြာမှုတွေ ရှိပါတယ်။ ဒီအခက်အခဲနဲ့ ပတ်သက်ပြီး မန္တလေးတိုင်း NDF အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီဥက္ကဌ ဒေါက်တာ လှစိုးညွန့်က မုံရွာခရိုင်ဘက်မှာ NDF အလံနဲ့ တံဆိပ်ကို သက်ဆိုင်ရာက တောင်းခဲ့တဲ့ အကြောင်း၊ အဖွဲ့မှာ အဆင်သင့်မရှိလို့ ရင်ထိုးတံဆိပ်ကို ဓာတ်ပုံရိုက်ပြီး အဖွဲ့ရဲ့တံဆိပ်အဖြစ် တင်ပြခဲ့ရကြောင်း၊ တစ်ရက်ထဲနဲ့ မပြီးလို့ နောက်ရက်ကျမှ တင်ပြရတဲ့အကြောင်း ဘီဘီစီကို ပြောပြပါတယ်။

အမတ်လောင်းတွေ လျှောက်လွှာတင်တဲ့အခါ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှာလည်း ကြန့်ကြာမှုတွေ ရှိနေတယ်လို့ ပါတီတာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အမတ်လောင်းတွေကို ကြိုတင် စာရင်းယူထားပြီး ဖြစ်ပေမယ့်လည်း အမတ်လောင်း စာရင်းတွေကို ပါတီထဲမှာ ထုတ်ပြတဲ့အခါ သက်ဆိုင်ရာ ဒေသအလိုက် အမတ်လောင်းတွေရဲ့ အားနည်းချက်တွေ၊ မညီမျှမှုတွေရှိတဲ့အပေါ် တိုင်တန်းမှုတွေရှိနေလို့ ပြန်လည်သုံးသပ် စီစစ်နေရကြောင်း အဲဒီ ပါတီတာဝန်ရှိသူကပဲ ဘီဘီစီကို ပြောပြပါတယ်။

အခုလို အဆင်သင့်မဖြစ်ရပါ့မလားဆိုပြီး ရန်ကုန်တိုင်းကို တာဝန်ယူထားတဲ့ မြို့တော်ဝန် ဦးအောင်သိန်းလင်းက မကြာခင်ကပဲ အားလုံးကို ခေါ်ယူ ကြိမ်းမောင်း ပြောဆိုခဲ့တယ်လို့ ပါတီဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဒီလိုအခက်အခဲတွေ ကြန့်ကြာမှုတွေ ဖြစ်နေရခြင်းဟာ ပါတီတွေဘက်မှာရော သက်ဆိုင်ရာကော်မရှင်ဘက်မှာပါ စာရင်းဇယားတွေ အဆင်သင့်မဖြစ်သလို သတ်မှတ်ပေးထားတဲ့ ရက်ကလည်း တိုတောင်းလွန်းတဲ့ အတွက်ဖြစ်တယ်လို့သိရပါတယ်။