ပါတီအမတ်လောင်းစာရင်း မရေရာသေး

  • 28 ဩဂုတ် 2010

ရွေးကောက်ပွဲ ဝင်ကြမယ့် နိုင်ငံရေးပါတီတွေ အနေနဲ့ လွှတ်တော် သုံးရပ်စလုံး အတွက် အမတ်လောင်းစာရင်း တင်ရမယ့်ရက်ဟာ နာရီပိုင်းအတွင်း ကုန်ဆုံးမှာ ဖြစ်ပေမယ့် ပါတီ အများစု ကတော့ အဆင်သင့် ဖြစ်သေးတာ မတွေ့ရပါဘူး။

Image caption ပြောင်းလဲခံရတော့မယ့် ပြည်ထောင်စုမြန်မာ နိုင်ငံတော်ရဲ့ အထိမ်းအမှတ်သင်္ကေတ အလံ

ဒီမိုကရက်တစ်ပါတီ မြန်မာ နဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ပါတီတို့က သြဂုတ်လ ၂၉၊ ၃၀ ကျမှ အမတ်လောင်း စာရင်း တိတိကျကျ ပြောနိုင်မယ်လို့ ပါတီ တာဝန်ရှိသူတွေက ဘီဘီစီကို ပြောပါတယ်။

မြန်မာ့ ဒီမိုကရေစီ ကွန်ဂရက်ပါတီဟာ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ် မပြိုင်ဘူး ဆိုတာကိုတောင် ရေရေရာရာ မပြောနိုင်သေး ပါဘူး၊ အမျိုးသား နိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ် ကတော့ ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်မှာ လွှတ်တော် သုံးရပ်စလုံးအတွက် အမတ်နေရာ လေးနေရာမှာ ဝင်ပြိုင်ပြီး တစ်နိုင်ငံလုံး အနေ နဲ့တော့ အမတ် နေရာ ၂၀ အတွက် ဝင်ပြိုင်မယ်လို့ ဆိုပါတယ်။

တိုင်းရင်းသား ပါတီတွေထဲက ဆိုရင်တော့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသား အင်အားစု က ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ် ရှိတဲ့အနက် မြို့နယ် ၁၂ မြို့နယ်မှာ သူတို့ ရုံးတွေ ဖွဲ့စည်းပြီးဖြစ်ပေမယ့် ပြည်နယ်လွှတ်တော်အတွက် အမတ်လောင်း ၁၅ ဦးပဲ ပါဝင်ယှဉ်ပြိုင် နိုင်မယ်လို့ ပါတီအတွင်းရေးမှူး ဦးမြင့်ဇော်က ဘီဘီစီကို ပြောပါတယ်။

သူတို့ပါတီက မူလမှန်းထားတဲ့ အမတ်ဦးရေ အတိုင်း ဝင်မပြိုင်နိုင်တာမှာ ပါတီမှာ ရန်ပုံငွေ မရှိတာရယ်၊ အလှူငွေ ထည့်မယ်သူ မရှိတာရယ်ကြောင့် ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒါကြောင့် ကိုယ်ထူကိုယ်ထ စနစ်နဲ့ ငွေကြေးတတ်နိုင်သူသာ ရွေးကောက်ပွဲ ဝင်နိုင်တယ် ဆိုပြီး မူချလို့ ရွေးချယ်ခဲ့တယ်၊ ရွေးကောက်ပွဲ ဝင်မယ့်သူဟာ မှတ်ပုံတင်ကြေး ငါးသိန်းကျပ် ရယ်၊ မဲဆွယ် စည်းရုံး စရိတ်ရယ် ကိုယ့်ဘာသာ အကုန်ခံရမယ်လို့ ပြောပါတယ်။

ပါတီ ရန်ပုံငွေ မရတာဟာ ပါတီကို လူတွေက မထောက်ခံလို့ မဟုတ်ဘူး၊ လက်ရှိ မြန်မာ့ စီးပွားရေးက ကြပ်တည်း ခက်ခဲနေလို့ ဖြစ်လို့ ရွေးကောက်ကို စိတ်ထက်သန် ပေမယ့် ပါတီရန်ပုံငွေကို မထည့်နိုင်ဘူး၊ ထည့်နိုင်လည်း ဂဏန်း သိပ်နည်းတယ်လို့ ဦးမြင့်ဇော်က ပြောပါတယ်။