စာနယ်ဇင်း အရာရှိတွေ ရွေးကေက်ပွဲဝင်ဖို့ပြင်

  • 29 ဩဂုတ် 2010
burma election
Image caption ကြံဖွံ့ကနေ ရွေးကောက်ပွဲ ဝင်ဖို့ စာနယ်ဇင်းအဖွဲ့ တာဝန်ခံတွေ ရာထူးက နှုတ်ထွက်

မြန်မာနိုင်ငံ စာပေနဲ့ စာနယ်ဇင်း အဖွဲ့က ဥက္ကဌ အပါအဝင် ကော်မတီဝင် လေးယောက် နိုဝင်ဘာ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။

ကြံခိုင်ရေး ပါတီကို ကိုယ်စားပြု ပြိုင်ကြမှာ ဖြစ်ပြီး ရွေးကောက်ပွဲအတွက် စာရင်းပေးဖို့ စာနယ်ဇင်း အဖွဲ့ကနေ နှုတ်ထွက်စာ တင်ခဲ့တာကို အဖွဲ့က လက်ခံခဲ့ပါတယ်။

အလုပ်အမှုဆောင် အဖွဲ့ ဥက္ကဌ တက္ကသိုလ် တင်ခ၊ ဒုဥက္ကဌ ဒေါက်တာ တင်ထွန်းဦး၊ ကော်မတီဝင်တွေ ဖြစ်တဲ့ ဦးလှထွန်းနဲ့ ဦးအောင်မြင့်တို့ လေးဦးကို စာနယ်ဇင်း အဖွဲ့က နှုတ်ထွက်ခွင့် ပြုခဲ့ကြောင်း စာနယ်ဇင်း အဖွဲ့က ဘီဘီစီကို ပြောပြပါတယ်။

စာနယ်ဇင်း အဖွဲ့ဝင်တွေဟာ ဘယ်နိုင်ငံရေး ပါတီနဲ့မှ ပတ်သက်ခြင်း မရှိရဆိုတဲ့ စည်းကမ်းနဲ့ အညီ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေက နိုင်ငံရေး လုပ်ငန်းတွေ လုပ်ကိုင်ဖို့ ဆိုပြီး သူတို့ ဆန္ဒအလျောက် နှုတ်ထွက်စာ တင်ခဲ့တာလို့ အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှုး ဦးကိုကို (စက်မှု တက္ကသိုလ်)က ဘီဘီစီကို ပြောပြခဲ့ပါတယ်။

လောလောဆယ်မှာ ဒုဥက္ကဌ (၂) လယ်တွင်းသား စောချစ် ကလောင်နံမယ်နဲ့ စာရေးသားနေတဲ့ ဦးတင်လှိုင်က ယာယီ ဥက္ကဌ အဖြစ် တာဝန်ယူထားပါတယ်။

အလုပ်အမှုဆောင် အဖွဲ့ဝင်တွေအပြင် မြို့နယ် အဆင့်မှာလည်း ရွေးကောက်ပွဲ ဝင်မယ်ဆိုရင် အဖွဲ့ကနေ နှုတ်ထွက်စာ တင်ကြရမှာ ဖြစ်တယ်လို့ ဦးကိုကိုက ပြောပြသွားပါတယ်။

သောကြာနေ့ကလည်း နအဖ ထိပ်ပိုင်းက ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အပါအဝင် စစ်ဘက်အရာရှိတွေ စစ်တပ် ရာထူးတွေကနေ နှုတ်ထွက်ခဲ့ကြပြီး ခုရက်ပိုင်း အတွင်းမှာ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်မယ်လို့ ခန့်မှန်းရပါတယ်။

ရွေးကောက်ပွဲ ဝင်မဲ့ ကိုယ်စားလှယ်လောင်းတွေ နောက်ဆုံး မှတ်ပုံတင်ရမဲ့ နေ့ရက်ဟာ ခုသြဂုတ်လ ၃၁ ရက်နေ့ ဖြစ်ပါတယ်။