သပိတ်မှောက်ပေမဲ့ လေ့လာဖို့လို

  • 28 ဩဂုတ် 2010
U Win Tin
Image caption NLD ပါတီ CEC ဦးဝင်းတင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရေးကို သပိတ်မှောက်ပေမဲ့ ရွေးကောက်ပွဲအခြေအ နေကို ဒေါ်အောင်ဆန်းစုကြည်ပြောသလို၊ စောင့်ကြည့်လေ့လာရမယ်လို့ ပြောရခြင်း ဟာ ရွေးကောက်ပွဲမှာ မသမာမှု၊ မတရားမှု တွေရှိခဲ့ရင် ဒီအချက်တွေကို ပြည်တွင်း ပြည်ပ သိအောင် ဖေါ်ထုတ်နိုင်မှာမို့လို့ ဦးဝင်းတင် က ဘီဘီစီကို ရှင်းပြပါတယ်။

သပိတ်မှောက်ခြင်းဟာလဲ နှစ်မျိုးနှစ်စားရှိပုံ၊ ကိုယ်စားလှယ်လောင်းအနေနဲ့ အရွေးခံမယ့်သူ ရှိသလို မဲပေးမဲ့သူလဲရှိတဲ့အတွက်၊ ဒါကိုတားဆီးနိုင်မယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာ သဘောသက် ရောက်တဲ့အကြောင်း၊ အဲဒီအတွက် ဒီရွေးကောက်ပွဲဟာ အထမမြောက်နိုင်တဲ့သဘောရှိတဲ့ အကြောင်း၊ ရွေးကောက်ပွဲမှာ လူ ၁ဝဝ မဲထည့်ရမယ့်အစား၊ တစ်ဦး နှစ်ဦးပဲ မဲထည့်ကြရင်၊ ဒါဟာ စိတ်ပိုင်းဆိုင်ရာ အထမမြောက်တဲ့အတွက်၊ ဒီရွေးကောက်ပွဲအောင်မြင်တယ်လို့ ယူဆရင် ရူးနှမ်းရာရောက်လို့ နိုင်ငံတကာဖက်ကလဲ အရူးလုပ်ခံ၊ လိမ်လည်လှည့်ဖျားတာကို တော့ လက်ခံမှာမဟုတ်ဘူးလို့ ဦးဝင်းတင်က ပြောပါတယ်။