ကုလားအုတ် ခါးရိုးကျိုးမယ့်ကိန်း

  • 30 ဩဂုတ် 2010

စစ်တပ်ခေါင်းဆောင်သစ်တွေ ပြောင်းလဲလာတာနဲ့ပတ်သက်ပြီး သုံးချက်ထောက်ပြ ချင်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင်တစ်ဦးဖြစ်သူနဲ့ ဝါရင့်သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ဘီဘီစီကို ပြောပါတယ်။

Image caption ကုလားအုတ်ခါးရိုးကျိုးကိန်းလို့ နိုင်ငံရေး အခြေအနေကို သုံးသပ်ပြတဲ့ ဦးဝင်းတင်

စစ်ခေါင်းဆောင်သစ်တွေဟာ နယ်ကြားစောင့် တပ် ဖွဲ့စည်းရေးနဲ့ပတ်သက်ပြီး တိုက်ခိုက်တာ တွေ လုပ်မလား၊ မလုပ်ဘူးဆိုရင်လည်း တစ်နည်းနည်းနဲ့ တော့ ဒီကိစ္စကို ဖြေရှင်းဖို့ လိုတယ်၊ တန်းလန်းထားလို့ မဖြစ်ဘူးလို့ သူက ဆိုပါတယ်။

လာမယ့်ကာလနိုင်ငံရေးအခင်းအကျင်းမှာ စစ်တပ်အောက်မှာ လက်နက်ကိုင်တပ်အားလုံး ရှိရမှာ ဖြစ်တာမို့ စစ်တပ်ခေါင်းဆောင်သစ် ဘယ်လိုတုန့်ပြန်မယ်ဆိုတာ တိုင်းပြည်က စိတ်ဝင်စားနေတယ်လို့ သူက ထောက်ပြပါတယ်။

ဒုတိယအချက်က စစ်တပ်မှာက အောက်ခြေတပ်သား၊ တပ်ကြပ်ကနေ တပ်ရင်းမှူး ဗိုလ်မှူးကြီး အဆင့်တွေအထိ အောက်ခြေတစ်လွှာ၊ ဗိုလ်မှူးချုပ်အဆင့်ကနေ ဗိုလ်ချုပ်မှူးကြီးအထိ အထက်ဆင့်တစ်လွှာ ဖြစ်နေတယ်။ မကြာခင်က ဘဏ်စုငွေတွေ ပြန်တောင်းကြတဲ့ကိစ္စအပါအဝင် မညီမျှမှုတွေနဲ့ပတ်သက်ပြီး ထက်အောက် ရုန်းကန်မှုတွေကို စစ်ခေါင်းဆောင်သစ်ဟာ ရင်ဆိုင်ရလိမ့်မယ်လို့ ဦးဝင်းတင်က ပြောပါတယ်။

တတိယအချက်အနေနဲ့တော့ စစ်တပ်က ထောင်တဲ့ပါတီက ဘာဖြစ်လာမယ်ဆိုတာ၊ ဘယ်သူတွေက အမတ်လောင်းတွေအဖြစ် ရွေးကောက်ပွဲမှာ ဝင်အရွေးခံမယ်ဆိုတာ မကြာခင် တိတိကျကျ ပြောရတော့မယ်၊ ဒီကိစ္စတွေကို တိုင်းသူပြည်သားတွေက ဘယ်လိုတုန့်ပြန်မလဲ၊ တခြားနိုင်ငံရေးအင်အားစုတွေက ဘယ်လိုတုန့်ပြန်မလဲ ဆိုတာတွေကို စစ်ခေါင်းဆောင်သစ်ဟာ ရင်ဆိုင်ရမယ်လို့ သူက ဆက်ပြောပါတယ်။

အခုလို စစ်ခေါင်းဆောင်တွေ အပြောင်းအလဲလုပ်တာဟာ တိုင်းပြည်အတွက် ဘာမှ အကျိုးမရှိဘူးလို့ ဝါရင့်သတင်းစာဆရာကြီးက ပြောပါတယ်။ မကောင်းတဲ့ အနိဋ္ဌာရုံတွေသာ ထပ်ပြီးပေါ်လာဖို့ သူ ယုံကြည်နေတယ်လို့လည်း ဆိုပါတယ်။

အခုစစ်တပ်နဲ့နိုင်ငံရေးအပြောင်းအလဲတွေဟာ ပြည်သူလူထုအတွက် ကောင်းကျိုးတော့ မမြင်ဘူး၊ စစ်တပ်အချင်းချင်း ထက်အောက်ရုန်းကန်မှုတွေဖြစ်ရင် ပြည်သူလူထုကသာ ကြားက ခံရမယ်၊ ဘဏ်စုငွေတွေကို အောက်ခြေတပ်သားတွေက ပြန်တောင်းတဲ့ ကိစ္စမှာတောင် ပြည်သူတွေက အသည်းတထိတ်ထိတ် ဖြစ်နေရပြီ၊ ပစ်ခတ်တာတွေ မဖြစ်ဘူးလို့ မပြောနိုင်ဘူးလို့လည်း ဦးဝင်းတင်က ပြောပါတယ်။

ပြည်တွင်းစစ်တွေ ပေါ်လာရင်လည်း တိုင်းရင်းသားတွေ ပြေးကြလွှားကြ၊ ရွာတွေ စွန့်ပြေးကြ၊ အလုပ်အကိုင် ပျက်ရတာတွေ ဖြစ်ရတယ်၊ နေ့လားညလားတွေ ဖြစ်ရတယ်၊ အခုစစ်တပ်ပါတီထဲ ဝင်လာရတဲ့ ဗိုလ်ချုပ်ကြီးဟောင်းတွေဆိုတာလည်း သူတို့ ဆန္ဒနဲ့သူတို့ လိုလိုလားလား တပ်ကထွက်ပြီး လုပ်ကြတာ မဟုတ်ဘူး၊ သူတို့ အတွင်းပြဿနာတွေကို ဘယ်လို ရှင်းကြမလဲ၊ တိုင်းသူပြည်သူတွေအတွက်ကတော့ ဆိုးကျိုးတွေပဲ ဆိုက်လိမ့်မယ်လို့ ဦးဝင်းတင်က သုံးသပ်ပါတယ်။

လက်ရှိတိုင်းပြည်ရဲ့ အနေအထားက အင်္ဂလိပ်လိုပြောရမယ်ဆိုရင် critical mass ဖြစ်နေ တယ်၊ တိုင်းပြည်ဟာ တဲတဲလေး ကျန်တော့တယ်၊ လူတွေက သည်းမခံနိုင်တော့ဘူးလို့ သူက ပြောပါတယ်။

အင်္ဂလိပ်တွမှာ ပြောတာရှိတယ်၊ ကုလားအုတ်ခါးပေါ် ကောက်ရိုးတွေ တင်တဲ့အခါမှာ နောက်ဆုံးတစ်မျှင်ထက် လွန်သွားရင် ကုလားအုတ် ခါးကျိုးတယ်၊ တိုင်းပြည်မှာလည်း ဆိုးကျိုးတွေက အလွန်များနေလို့ ကုလားအုတ် ခါးရိုးကျိုးမယ့် အနေအထားလို ရောက်နေပြီလို့ ဦးဝင်းတင်က ဥပမာပုံပေး သုံးသပ်ပါတယ်။

ဒါကြောင့် ဒီအခြေအနေကို ဖြေရှင်းဖို့ နည်းလမ်းရှာဖို့ လိုတယ်၊ နည်းလမ်းရှာဖို့အချိန် ရောက်ပြီ၊ နည်းလမ်း မရှာနိုင်ဘူးဆိုရင်တော့ မြန်မာပြည်ရဲ့ အနေအထားက နိုင်ငံရေး စစ်ရေးအားဖြင့် ကုလားအုတ် ခါးရိုးကျိုးကိန်း ဖြစ်နေပြီလို့ ဦးဝင်းတင်က ဆိုပါတယ်။