တပ်ရင်းမှူး ( ၈ ) ယောက် အဖမ်းဆီးခံရ။

  • 29 ဩဂုတ် 2010
Yemon
Image caption အောက်ခြေတပ်သားတွေ စားဝတ်နေရေး ကြပ်တည်းကြ။

ရန်ကုန်တိုင်း ရဲမွန်မြို့ တပ်ရင်း ( ၈ ) ရင်းရဲ့ တပ်ရင်းမှူးတွေကို ဖမ်းဆီးပြီး နေပြည်တော်ကို ခေါ်ဆောင်သွားခဲ့ပါတယ်။

တပ်မတော် တပ်ရင်း ( ၈ ) ရင်းက တပ်သားတွေရဲ့ အာဏာဖီဆန်မှုကို အကြောင်းပြုပြီး အခုလို ဖမ်းဆီးသွားတာဖြစ်ပါတယ်။

တပ်မတော်အတွင်းမှာ စားဝတ်နေရေး ကြပ်တည်းမှုကို အကြောင်းပြုပြီး ဇူလိုင်လကစတင်ပြီး ရဲမွန်တပ်ရင်း ( ၈ ) ရင်း က တပ်သားတွေရဲ့အာဏာဖီဆန်ခဲ့ကြပါတယ်။

ရဲမွန်တပ်ရင်း ( ၈ ) ရင်းရဲ့ တပ်သားတွေက စားဝတ်နေရေး အခက်အခဲကြောင့် ရိက္ခာအလုံအလောက်ထုတ်ပေးဖို့၊ သူတို့ရဲ့ ကိုယ်ပိုင်ဘဏ်စုငွေကို ထုတ်ယူခွင့်ပြုဖို့ အထက်အရာရှိတွေဆီမှာ တင်ပြတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

ဘဏ်စုငွေဟာ သူတို့ရဲ့ ကိုယ်ပိုင်လစာငွေကနေ မစုမနေရ စုဆောင်းထားခဲ့ရတဲ့ငွေတွေဖြစ်ပေမယ့် သူတို့ စိတ်ကြိုက်ထုတ်ယူသုံးစွဲခွင့် မရပါဘူး။ ဘဏ်စာအုပ်ကိုလည်း အထက်အရာရှိတွေက သိမ်းထားပါတယ်။

တပ်သားတွေရဲ့ တောင်းဆိုချက်တွေကို တပ်ရင်းမှူးတွေကလည်းစာနာထောက်ခံခဲ့ကြတယ်လို့လည်း ရဲမွန်တပ်ရင်းက တပ်သားတဦးက ဘီဘီစီကို ပြောပြခဲ့ပါတယ်။ ဒါပေမယ့် တပ်မတော် ထိပ်တန်းအရာရှိကြီးတွေကတော့ တပ်သားတွေရဲ့ တောင်းဆိုချက်ကို အကြောင်းမပြန်ဘဲ မသိကျိုးကျွံပြု လစ်လျူရှုခဲ့ပါတယ်။

တောင်းဆိုချက်တွေမရတဲ့ တပ်သားတွေက တပ်ကို စွန့်ခွာပြီး အရပ်ထဲမှာ ကြုံရာကျပန်း လုပ်ကိုင်စားသောက်ကြပါတယ်။ တပ်စည်းကမ်း၊ တပ်မိန့်တွေကိုလည်း မလိုက်နာဘဲ ဆန့်ကျင်ခဲ့ကြပါတယ်။ ဒါ့ကြောင့် တခြားတပ်ရင်းတွေနဲ့ ဝိုင်းဝန်းပိတ်ဆို့ ဖိအားပေးခဲ့ပါတယ်။။ဒါပေမယ့် တပ်သားတွေက တပ်ထဲ အဝင်မခံခဲ့ပါဘူး။

တပ်မ (၁၁) တံဆိပ်တပ်ဆင်ထားတဲ့ တပ်သားတွေနဲ့ အစားထိုးလဲလှယ်ဖို့ကြိုးစားတာကိုလည်း ရဲမွန်တပ်ဖွဲ့တွေက လက်မခံခဲ့ကြပါဘူး။

သြဂုတ်လ ၂၃၊၂၄ ရက်တွေမှာတော့ တပ်သားတွေအတွက် ရိက္ခာတွေထုတ်ပေးခဲ့သလို၊ တပ်ရင်းတရင်းကို ကျပ်ငွေသိန်းငါးဆယ်လောက် ထုတ်ပေးခဲ့ပါတယ်။ တပ်သားတွေက သူတို့ရဲ့ တောင်းဆိုချက်တွေကို တပ်မတော်အကြီးအကဲတွေက လိုက်လျောပေးလိုက်ပြီလို့ ယူဆပြီး ဝမ်းသာပျော်ရွှင်နေကြစဉ် သြဂုတ်လ ၂၅၊၂၆ ရက်နေ့တွေမှာ အလစ်အငိုက်ဖမ်း ဝင်ရောက်စီးနင်းပြီး လက်နက်ခဲယမ်းမီးကျောက်တွေကို သိမ်းယူသွားခဲ့တယ်လို့ ရဲမွန်က တပ်သားတဦးက ဘီဘီစီကို ပြောပြပါတယ်။

တပ်ရင်းမှူး ( ၈ ) ယောက်ကိုလည်း ဖမ်းဆီးသွားခဲ့တယ်လို့ ရဲမွန်တပ်သားက ဆက်လက်ပြောပြပါတယ်။ တပ်ရင်းမှူး ( ၈ ) ယေက်ကို နေပြည်တော်အထိဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ယူဆရပေမယ့် နောက်ဆက်တွဲဘာသတင်းမှ မရဘူးလို့လည်း ရဲမွန်တပ်သားက ဘီဘီစီကို ပြောပြပါတယ်။

ရဲမွန်တပ်သားနဲ့ ဘီဘီစီ အမေးအဖြေအပြည့်အစုံကို သြဂုတ်လ ၂၉ ရက် တနင်္ဂနွေည ဘီဘီစီအစီအစဉ်မှာ နားဆင်နိုင်ပါတယ်။