ပဲခူး အနိမ့်ပိုင်းရေကြီး

  • 30 ဩဂုတ် 2010
ပဲခူး ရေကြီးတဲ့မြင်ကွင်း
Image caption ပဲခူး ရေကြီးတဲ့မြင်ကွင်း

ပဲခူးမြစ်ရေဟာ စိုးရိမ် ရေမှတ်ကိုကျော်လွန်ပြီး ရန်ကုန် မန္တလေးကားလမ်းကို ရေလွှမ်းမိုးသွားခဲ့သလို အနီးအနား ရပ်ကွက်တွေ မှာလည်း ရေကြီးနေတဲ့ အတွက် အရေးပေါ် ကယ်ဆယ်ရေးတွေ လိုအပ်နေပြီလို့သိရပါတယ်။

အခုလိုရေကြီးနေတဲ့ အခြေအနေကို ပဲခူးမြို့ခံတစ်ဦးက ဘီဘီစီကို ပြောပြရာမှာ စက်ပိုင်း၊ ဇိုင်းကနိုင်း တောင်ပိုင်း မြောက်ပိုင်း၊ အိုးလေးစုဆိုတဲ့ အနိမ့်ပိုင်းရပ်ကွက်တွေမှာ ခါးလောက်မြုပ်နေပြီ ဖြစ်တဲ့အကြောင်း မနေ့ညက စပြီး ရေတက်လာအကြောင်း ပဲခူးပေါ်မှာ လက်ရှိအားဖြင့် မိုးကတော့ မရွာသေးတဲ့အကြောင်း ပြောပြပါတယ်။

ရေကြီးလို့ ရေဘေးကယ်ဆယ် ကူညီရေးအနေနဲ့အစိုးရနဲ့လူမှုရေးအဖွဲ့အစည်းများက ကူညီဆောင်ရွက်ပေးခြင်းမရှိသေးဘူးလို့လည်း အဲဒီမြို့ခံပုဂ္ဂိုလ်ကပဲ ဘီဘီစီကို ပြောပါတယ်။

ပဲခူးမြစ်ရေဟာ လွန်ခဲ့တဲ့ ၂ ရက်ကစပြီး တရိပ်ရိပ်တက်နေခဲ့တာပါ။ ရေးကြီးတဲ့အမှတ် ၈၆၀ စင်တီမီတာကို မနေ့ကတည်းက ကျော်လွန်နေခဲ့တာဖြစ်ပါတယ်။ဒီနေ့ ညနေမှာတော့ ၉၁၃ စင်တီမီတာအထိ ရောက်လာပြီလို့သိရပါတယ်။ခေါင်းဆေးကျွန်းဘက်မှာလည်း ရန်ကုန်မန္တလေးလမ်းကို ရေကျော်နေပါတယ်။ ပဲခူးမြို့အထက်ဖက်ကျေးရွာတချို့လည်း ရေကြီးနေပြီလို့သိရပါတယ်။