တရုတ် စစ်သင်္ဘောတွေ ရန်ကုန် ရောက်လာ

  • 30 ဩဂုတ် 2010

တရုတ်နဲ့ မြန်မာ နိုင်ငံကြား စစ်ရေး ဆက်ဆံမှု တိုးမြှင့် ဖော်ဆောင်ဖို့ ရည်ရွယ် ချက်နဲ့ တရုတ် ရေတပ် စစ်သင်္ဘော နှစ်စီး မြန်မာ နိုင်ငံ ရန်ကုန်မြို့ အနီး သီလဝါ ဆိပ်ကမ်း ကို ပထမဆုံး အကြိမ် ဆိုက်ရောက် လာခဲ့ပါတယ်။

Image caption တရုတ် ရေတပ်ပိုင် ကျင်ဒေါင်း ဖျက်သင်္ဘော

တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ရေတပ်က Guangzhou နဲ့ Caohu စစ်သင်္ဘော နှစ်စီး ဟာ မြန်မာနိုင်ငံကို ငါးရက်ကြာ ချစ် ကြည် ရေး ခရီးစဉ် အဖြစ် တနင်္ဂနွေနေ့က ဆိုက် ရောက်လာခဲ့ တာဖြစ်ပါတယ်။

တရုတ် ဖျက်သင်္ဘော Guangzhou ပေါ်မှာ ပါလာတဲ့ တရုတ် ရေတပ် သားတွေက ရန်ကုန် ကို အရောက် သင်္ဘော ကုန်းပတ် ပေါ်မှာ ရပ်ပြီး လက်ဝှေ့ရမ်း နှုတ်ဆက် နေတဲ့ ဓါတ်ပုံ တွေ ကိုလည်း တရုတ် နိုင်ငံ ဆင်ဝှာ သတင်း မှာ ဖော်ပြထား ပါတယ်။

ဒီရေတပ် သင်္ဘော နှစ်စီး ဟာ အေဒင် ပင်လယ်ကွေ့ထဲက ဆိုမားလီးယား ရေပိုင်နက်မှာ လုံခြုံရေး ကင်းလှည့် မှုတွေ ဆောင်ရွက်ခဲ့ကြတဲ့ သင်္ဘောတွေပါ။ အခုလို မြန်မာ နိုင်ငံကို ရောက်မလာခင် အီဂျစ်၊ အီတလီနဲ့ ဂရိ နိုင်ငံတို့ကို ဝင်ရောက်ခဲ့ပါသေးတယ်။

အခု ခရီးစဉ် ဟာ အနှစ် နှစ်ဆယ် အတွင်း တရုတ် မြန်မာ ဆက်ဆံရေး ပြန်ကောင်းလာတဲ့ လက္ခဏာ ဖြစ်တယ်လို့ ထိုင်း နိုင်ငံ အခြေစိုက် အန်အယ်လ်ဒီ လွတ်မြောက် နယ်မြေ နိုင်ငံခြား ရေးရာ တာဝန်ခံ ဦးညိုအုန်းမြင့် က သုံးသပ်ပါတယ်။

ဒါ့အပြင် အာရှ ဒေသတွင်းက အိန္ဒိယ သမုဒ္ဒရာနဲ့ တောင် တရုတ် ပင်လယ် ထဲမှာ ရေတပ် အင်အားပြတဲ့ အနေနဲ့ သူ့ရဲ့ မဟာဗျူဟာ မြောက် အရေးပါတဲ့ မြန်မာ နိုင်ငံကို တရုတ် သင်္ဘောတွေ လာရောက် လည်ပတ်တာ ဖြစ်တယ်လို့ လည်း ဦးညိုအုန်းမြင့်က ထောက်ပြ ပါတယ်။