တရုတ် စစ်သင်္ဘောတွေ ငါးရက်ကြာ နေမည်

  • 31 ဩဂုတ် 2010
Chinese destroyer
Image caption သီလဝါ ဆိပ်ကမ်းမှာ ကပ်ထားတဲ့ တရုတ် ဖျက်သင်္ဘော

သီလဝါ ဆိပ်ကမ်းက တရုတ် စစ်သင်္ဘော နှစ်စီးဟာ ငါးရက်ကြာ ဆိုက်ကပ်ထားမှာ ဖြစ်ပြီး နှစ်နိုင်ငံ ရေတပ်က စစ်မှုထမ်းတွေလည်း ရေတပ် ထုံးစံ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံရယ်လို့ လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်က ပေါ်လာပြီးနောက်ပိုင်းမှာ ပထမဆုံး အကြိမ်အဖြစ် တရုတ် စစ်သင်္ဘောတွေ မြန်မာနိုင်ငံက ဆိပ်ကမ်းကို လာကပ်တာ ဖြစ်ပါတယ်။

ဒီသင်္ဘောတွေဟာ ဆိုမာလီ ကမ်းလွန်ပင်လယ်မှာ ဖြတ်သန်း သွားလာနေတဲ့ တရုတ် သင်္ဘောတွေကို စောင့်ရှောက် ကင်းလှည့်တဲ့ တာဝန်ပြီးဆုံးပြီးနောက် တရုတ်ကို ပြန်အလာမှာ မြန်မာနိုင်ငံမှာ ဝင်ကပ်တာ ဖြစ်ပါတယ်။

တရုတ်ဟာ အရှေ့တောင် အာရှက နိုင်ငံတွေနဲ့ ချစ်ခင် ရင်းနှီးဖို့ ကြိုးစားမှုရဲ့ တစိတ်တဒေသ ဖြစ်တယ်လို့ ဘီဘီစီ တရုတ်ဌာန အယ်ဒီတာ ရှီရွန်ချမ်းက ဆိုပါတယ်။

မြန်မာနိုင်ငံဟာ တရုတ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး ရှိပြီး ဒါဟာ မြန်မာနိုင်ငံက သဘာဝ သံယံဇာတတွေကြောင့်တင် မဟုတ်ဘဲ မြန်မာနိုင်ငံဟာ တရုတ်အတွက် မဟာဗျူဟာအရ အရေးပါတဲ့ နိုင်ငံအဖြစ် မြင်တဲ့အတွက် ဒီလို ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး ရှိချင်တာ ဖြစ်နိုင်ပါတယ်။

တရုတ်က အိန္ဒိယ သမုဒ္ဒရာဘက် လမ်းကြောင်းဖွင့်တဲ့ အနေနဲ့ မြန်မာတင်မက သီရိလင်္ကာနဲ့ တခြား အိန္ဒိယ သမုဒ္ဒရာထဲက ကျွန်းနိုင်ငံတွေမှာ စစ်ဘက်ဆိုင်ရာ တည်ဆောက်မှုတွေ ပြုလုပ်နေပြီး တရုတ် ကုန်တင် သင်္ဘောတွေကို အကာအကွယ်ပေးဖို့တင်မက လိုအပ်လာရင် တရုတ်ရေတပ်ရဲ့ အင်အားကို အိန္ဒိယ သမုဒ္ဒရာဘက်မှာ ပြသဖို့ ရည်ရွယ်ပုံရတယ်လို့ အကဲခပ်တွေက ပြောနေပါတယ်။

တရုတ် စစ်သင်္ဘောတွေဟာ နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ နှစ်နိုင်ငံ ရေတပ် ဆက်ဆံမှု မြှင့်တင်ဖို့ ဝင်ကပ်တာလို့ တရုတ် အစိုးရရဲ့ ဆင်ဟွာ သတင်းဌာနက ကြေညာသွားပါတယ်။

ဒါပေမယ့်လည်း မကြာသေးခင်က တောင်တရုတ် ပင်လယ်ပြင်မှာ အမေရိကန်နဲ့ တောင်ကိုရီးယား ရေတပ် ပူးတွဲ စစ်ရေး လေ့ကျင့်ခဲ့သလို တောင်တရုတ် ပင်လယ်ပြင်ကို တရုတ်မှအပ တခြား သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ပိုင်ဆိုင်မှုကို အမေရိကန်က ထောက်ခံမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ပြောခဲ့ပြီးနောက်မှာ ခုလို လာရောက်တာ ဖြစ်တဲ့အတွက် ဒီသင်္ဘောဆိုက်ကပ်မှုဟာ ချစ်ကြည်ရေး သက်သက်တင်လို့ ပြောဖို့ ခက်လိမ့်မယ်လို့ ရှီရွန်ချမ်းက ပြောပါတယ်။

တောင်တရုတ် ပင်လယ်ထဲနဲ့ အနီးတဝိုက်မှာ အမေရိကန် ရေတပ်၊ ကိုရီးယား ရေတပ်၊ ဗီယက်နမ် ရေတပ်၊ ဂျပန် ရေတပ်တွေရဲ့ လှုပ်ရှားမှုတွေ မြင့်လာချိန်မှာ ဒီဧရိယာ တဝိုက်က တရုတ် ရေတပ်ရဲ့ လှုပ်ရှားမှုတိုင်းဟာ ပြောခဲ့တဲ့ လှုပ်ရှားမှုတွေကို တန်ပြန် လုပ်ဆောင်တဲ့ လုပ်ရပ် အဖြစ်လည်း မြင်နိုင်ပါတယ်။

တရုတ်က သူတို့ဟာ ဒီလို လှုပ်ရှားမှုတွေကို လက်ပိုက်ကြည့်နေမှာ မဟုတ်ဖူး၊ သူတို့ရဲ့ ရေတပ်ကလည်း လုပ်နိုင်တာတွေ ရှိတယ်ဆိုတာကို ပြတာ ဖြစ်ပါတယ်။

တနည်းအားဖြင့် တရုတ်က အမေရိကန်ကို သူတို့ဟာ အာလူး မဟုတ်ဖူး၊ သူတို့ရဲ့ အင်အားကိုလည်း ထည့်စဉ်းစားရမယ်ဆိုတာကို ပြချင်ပုံရတယ်လို့ ရှီရွန်ချမ်းက ပြောပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ခုတရုတ် ရေတပ် လာရောက်မှုဟာ မြန်မာနိုင်ငံမှာ နအဖက ရွေးကောက်ပွဲ မကျင်းပခင် နှစ်လသာသာ အလိုမှာ ဖြစ်တဲ့အတွက် နအဖ စစ်အစိုးရက နိုင်ငံရေးအရ တခုခု အမြတ်ကျန်အောင် လုပ်လာနိုင်ပါတယ်။

ရွေးကောက်ပွဲကို နိုင်ငံတကာက စောင့်ကြည့်နေချိန်မှာ တရုတ်က စစ်အစိုးရကို သွယ်ဝိုက်ပြီး ထောက်ခံတယ်ဆိုတာ ပြသရာလည်း ရောက်တယ်လို့ ဘီဘီစီ တရုတ်ဌာန အယ်ဒီတာက သုံးသပ်သွားပါတယ်။