ကာကွယ်ရေး ဦးစီးချုပ် အရည်အချင်းများ

  • 30 ဩဂုတ် 2010
U Tin Oo
Image caption တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဖြစ်ခဲ့ဖူးသူ ဦးတင်ဦး

မြန်မာစစ်တပ်အတွင်း ထိပ်တန်းရာထူးနေရာတွေ အပြောင်းအလဲတော်တော်များများ ပြုလုပ်ခဲ့ရာမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒုတိယ ကာကွယ် ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးတို့လည်း ရာထူးက နှုတ်ထွက်ခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ တရားဝင် အစိုးရ မီဒီယာတွေကတော့ ဒီသတင်း တွေနဲ့ ပတ်သက်ပြီး အတည်မပြုသလို၊ ငြင်းဆန်မှုလည်း မရှိပါဘူး။

မြန်မာစစ်တပ်အနေနဲ့ ကာကွယ်ရေးဦးစီးချုပ် တယောက်ကို ရွေးချယ်မယ်ဆိုရင် ဘယ်လိုလုပ်ထုံးလုပ်နည်း မျိုးနဲ့ ရွေးချယ်လေ့ရှိသလဲဆိုတာကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ၊ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒုတိယ ဥက္ကဌ သူရ ဦးတင်ဦးကို ဘီဘီစီက ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ဟာ မဟာဗျူဟာ၊ နည်းဗျူဟာ ဆိုင်ရညာ အတတ်ပညာကို နားလည်တတ်ကျွမ်းသူ ဖြစ်ရမယ်လို့ သူရဦးတင်ဦးက ဆိုပါတယ်။ စစ်ရေးစစ်ရာ ဆိုင်ရာ ထူးထူးချွန်ချွန် ဆောင်ရွက်ဖူးတဲ့ အထောက်အထားရှိသူလည်း ဖြစ်ရမယ်လို့ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတော်အစိုးရရဲ့ နိုင်ငံရေးဆိုင်ရာ မူဝါဒကို နားလည်ပိုင်နိုင် သူလည်း ဖြစ်ရမယ်၊ ပြည်သူပြည်သားတွေနဲ့ တသားတည်း ပြေပြေလည်လည် ဆက်ဆံနိုင်သူလည်း ဖြစ်ရမယ်၊ အကျင့်စာရိတ္တနဲ့ ကိုယ်ကျင့်တရား ကောင်းမွန်သူလည်း ဖြစ်ရမယ်လို့ဆိုပါတယ်။

ဒီလိုစံနှုန်းတွေကို စစ်ရာထူးခန့်အတွင်းဝန်ဆီမှာ မှတ်တမ်းထားရှိတယ်လို့လည်းဆိုပါတယ်။

တပ်မတော်ရဲ့ လေးလပတ် အစည်းအဝေး၊ ခြောက်လပတ်အစည်းအဝေးတွေမှာ ဆွေးနွေးတိုင်ပင်မှတ်တမ်းထားပြီး ရွေးချယ်လေ့ရှိပေမယ့် အဆုံးသတ်မှာတော့ လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကပဲ သူ့အပေါ်ကျိုးနွံပြီး သစ္စာရှိမယ့် သူကို ရွေးချယ်လေ့ရှိတယ်လို့လည်းဆိုပါတယ်။

မေးဖြေခန်းအပြည့်အစုံကို တနင်္လာည ဘီဘီစီ အစီအစဉ်မှာ နားဆင်နိုင်ပါတယ်။